
ဒီရာသီအစောပိုင်းကသာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးအနေနဲ့ ရီးရဲလ်ကို
အလွယ်တကူအနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်လိမ့်မယ်လို့ ဂွာဒီယိုလာက
ပြောဆိုလိုက်ပါတယ်။ မန်စီးတီးဟာ ရော်နယ်ဒိုအတွက် အမှန်တကယ်ကြိုးစားခဲ့ပေမယ့်လည်း
အသင်းဟောင်းယူနိုက်တက်က လက်ဦးမှုရယူသွားခဲ့လို့ မန်စီးတီးတို့ လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ကျော်အထိ သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။
မန်စီးတီးကတော့ အဂူရိုထွက်ခွာသွားပြီးနောက် အထောင်တိုက်စစ်မှူးတဥိးမှမရှိတော့ဘဲ ဒီရာသီကို
ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးအသင်းအဖြစ်ရှိနေခဲ့ပေမယ့်
ချန်ပီယံလိဂ်မှာတော့ အရေးအကြောင်းကြုံချိန်မှာ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးမယ့် တိုက်စစ်မှူးမရှိတာက အားနည်းချက်ဖြစ်ခဲ့ပါတယ်။
ဂွာဒီယိုလာက “ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတုန်းက ခရစ္စတီယာနို ရော်နယ်ဒိုကို မန်ချက်စတာ
ယူနိုက်တက်ဆီ လက်လွှတ်တဲ့ အမှားကို ကျနော်တို့ လုပ်ခဲ့မိတယ်။ တကယ်လို့ သူသာ ဒီအသင်းမှာ
ရှိနေခဲ့မယ်ဆိုရင် မန်စီးတီးက မက်ဒရစ်ကို အလွယ်တကူ အနိုင်ရခဲ့မှာပါ။ ပြီးတော့ ကျနော်တို့လည်း
မေ ၂၈ မှာ ကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကစားနေရပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးဟာ ပထမအကျော့မှာ ရီးရဲလ်ကို အနိုင်ရခဲ့ပေမယ့် ဂိုးတွေပြန်ပေးခဲ့ရလို့ ၄-၃ နဲ့သာ
ကျေနပ်ခဲ့ရပါတယ်။ ဒုတိယအကျော့မှာလည်း ဦးဆောင်ဂိုးရထားပြီး ပွဲပြီးခါနီးအထိ ဦးဆောင်နေခဲ့ပြီးမှ
၁ မိနစ်အတွင်း နှစ်ဂိုးဆက်တိုက်ပေးခဲ့ရလို့ အချိန်ပိုဆက်ကစားခဲ့ရကာ ဘန်ဇီမာရဲ့သွင်းဂိုး
အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီး ဆီမီးဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
Credit