
ကယ်ဗင်ဖီးလစ်က ဒေးဗစ်ဒီဂီယာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက
တစ်ဦး အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်း
အနေနဲ့ စပိန် ဂိုးသမားရဲ့ နေရာကို အစားထိုးမှု ပြုလုပ်သင့်တယ်လို့ ဆိုလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဒီဂီယာဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ယူနိုက်တက်ကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး
အိုးထရပ်ဖို့ဒ် ကစားသမား ဘ၀ အများစုမှာ ကလပ်ရဲ့ နံပါတ်တစ် အဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။
ကလပ်ဟာ ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပေမယ့်လည်း ဒီဂီယာ ကတော့ ဒီရာသီမှာ
ယူနိုက်တက် အတွက် အကောင်းဆုံး ကစားပေးနို်င်ခဲ့တဲ့ ကစားသမား အနည်းငယ်ထဲက
တစ်ဦး ဖြစ်ပါတယ်။ စပိန်းဂိုးသမားရဲ့ စာချုပ်ဟာ လာမည့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး
သရဲနီတို့ဟာ ၎င်းကို စာချုပ်သက်တမ်းတိုးသွားဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဆန်းဒါးလန်း တိုက်စစ်မှုးဟောင်း ဖြစ်သူ ဖီးလစ်က ဒီရာသီ top 4 ပြင်ပနေရာနဲ့
အဆုံးသတ်ဖို့ များနေပြီး စိတ်ပျက်စရာ ရာသီကို ကြုံခဲ့ရတဲ့ ယူနိုက်တက် squad အနေနဲ့
အသစ်တစ်ဖန် ပြန်လည် တည်ဆောက်သွားသင့်တယ်လို့ ပြောလိုက်ပြီး ဘုတ်အဖွဲ့
အနေနဲ့ ဒီဂီယာ ကိုလည်း ထွက်ခွာခွင့် ပြုလိုက်ရန် အကြံပေးလိုက်ပါတယ်။
ဖီးလစ်က “ကျွန်တော့်ရဲ့ အမြင်ကတော့ ယူနိုက်တက် တာ၀န်ရှိသူတွေ အနေနဲ့ ဒီဂီယာကို
အလွတ် ထွက်ခွာခွင့် ပြုလိုက်သင့်တယ်လို့ ထင်ပါတယ်။ မန်နေဂျာသစ် ၀င်ရောက်
လာတော့မယ့် အချိန်မှာ ဒါဟာ အကောင်းဆုံး လုပ်ဆောင်မှု ဖြစ်နိုင်ပါတယ်။
ရပ်ဖို့ဒ်တို့ ဒီဂီယာ တို့ဟာ သူတို့ရဲ့ ကစားသမား ဘ၀ အများစုကို ဒီကလပ်မှာ အကြာကြီး
ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ အပြောင်းအလဲတွေ လုပ်သွားဖို့ လိုအပ်ပါတယ်။
ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ လိုအပ်တဲ့ အပြင် အကယ်ဒမီက ကစားသမားတွေ
ကိုလည်း သူတို့ စင်တင်သွားရမှာပါ။ ကျွန်တော် ကတော့ ဒီဂီယာဟာ အခြား မန်ချက်စတာ
ယူနိုက်တက် ကစားသမား အများစု လိုပဲ ကလပ်မှာ အနာဂတ် မရေမရာ ဖြစ်နေသူလို့ ထင်ပါတယ်။
အဲရစ်တန်းဟတ် ရောက်လာချိန်မှာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်သွားမလား ဆိုတာ ကတော့ စိတ်၀င်စားစရာ ပါပဲ။” လို့ ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ကလည်း အဲရစ်တန်းဟတ် အနေနဲ့
သူ့ရဲ့ ယူနိုက်တက် operation စတင်ချိန်မှာ တစ်သင်းလုံး နီးပါးကိုအပြောင်းအလဲ လုပ်သွားနိုင်တယ်လို့ ယူဆနေပါတယ်။
ယူနိုက်တက် ကွင်းလယ် အနေနဲ့ ပြန်လည် တည်ဆောက်သွားဖို့ လိုအပ်သလား ဆိုတဲ့ မေးခွန်းကို ကိန်းက “သူတို့ အရာအားလုံးကို
ပြန်လည် တည်ဆောက်သွားရမှာပါ။ ကွင်းလယ်တစ်ခုပဲ တည်ဆောက်သွားရမယ်လို့ ကျွန်တော့်ကို လာမပြောပါနဲ့။
ခံစစ်ပိုင်းလည်း ဒီလို လုပ်သွားရမှာပါ။ ကျွန်တော် ဂိုးသမားနဲ့ ပက်သက်ပြီးလည်း သိပ်ပြီးတော့
မကြိုက်မိပါဘူး။ တိုက်စစ်ပိုင်းမှာလည်း ကစားသမား ၂ ဦးလောက် အနည်းဆုံး အားဖြည့်ရမှာပါ
။ တကယ့်ကို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားရမှာပါ။” လို့ ပြောလိုက်ပါတယ်။
crd:SM