
ဘလွန်းဒီအော်ဆုဟာ ဘောလုံးလောကမှာ ဂုဏ်သိက္ခာအရှိဆုံး တစ်ဦးချင်း ဆုတစ်ခုပါ။
ပြင်သစ် မဂ္ဂဇင်းက တနှစ်တာ အကောင်းဆုံး ကစားသမားကို ဒီဆုနဲ့ ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်ပြီး
၊ ပြီးခဲ့တဲ့နှစ်မှာ လီယွန်နယ် မက်ဆီက သူ့အတွက် ၇ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို စံချိန်တင် ဆွတ်ခူး နိုင်ခဲ့ပါတယ်။
ဘလွန်းဒီအော် ဆုရှင်ကို မီဒီယာတွေ၊ နိုင်ငံလက်ရွေးစင် အသင်း ခေါင်းဆောင်တွေနဲ့
နည်းပြတွေက မဲပေးကာ ရွေးချယ်တာပါ။ မကြာသေးမီ နှစ်တွေအတွင်း ဒီဆုအတွက် ကစားသမား
အနည်းငယ်သာ ပြိုင်ဆိုင်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ ယခင်နဲ့မတူတာတွေ ရှိလာပါတယ်။
ဟုတ်ပါတယ် ဒီနှစ်အတွက် ဘလွန်းဒီအော် ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး၊ ဘယ်ကစားသမား
ရရှိသွားမလဲ ဆိုတာကလည်း တကယ်ကို ခန့်မှန်းရ ခက်နေတာပါ။ ဒါ့ကြောင့် ၂၀၂၂ခုနှစ် အတွက်
လက်ရှိ အချက်အလက်တွေအရ ဘလွန်းဒီအော် ဆုရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား ၁၀ယောက်ကို အခုလို ဖော်ပြ ပေးလိုက်ပါတယ်။
၁၀။ဘာနာဒို ဆေးလ်ဗား (ပေါ်တူဂီ၊ မန်ချက်စတာစီးတီး)
ဆေးလ်ဗားဟာ ဒီရာသီမှာ ပပ်ဂွာဒီယိုလာရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ။
ဒီပေါ်တူဂီ ကွင်းလယ်လူဟာ တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်တဲ့အပြင် ပြိုင်ဘက်ကိုလည်း
ဟန့်တားနိုင်ပြီး၊ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၄၅ပွဲကစားကာ၊ သွင်းဂိုး၁၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ် ပေးထားနိုင်ပါတယ်။
၉။ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါ်တူဂီ၊ မန်ချက်စတာ ယူနိုက်တက်)
ရော်နယ်လ်ဒိုဟာ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ ကစားသမားတွေနဲ့ တသင်းတည်းမှာ
ကစားနေရတာကြောင့် သူ့အတွက် ခက်ခဲပေမယ့်၊ သူ့အလုပ်သူ အကောင်းဆုံးလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး၊
ဒီရာသီမှာ သရဲနီတို့ အတွက် ၃၇ပွဲကစားကာ သွင်းဂိုး၂၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။
၈။ထရန့် အလက်ဇန္ဒားအာနိုး (အင်္ဂလန်၊ လီဗာပူးလ်)
အာနိုးလ်ဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ၄၁ပွဲကစားကာ ၂ဂိုးသွင်းယူပြီး
၁၈ဂိုးဖန်တီး ပေးထားပါတယ်။ ကြိုးကြာနီတို့ဟာ ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေပြီး
၊ ဆုဖလားတွေ ရရှိခဲ့ရင် အာနိုးလ်လည်း ဘလွန်းဒီအော် စင်မြင့်ထက်မှာ နေရာတနေရာ ရရှိလာမှာ သေချာပါတယ်။
၇။ဗင်နီဆီးယက်စ် ဂျူနီယာ (ဘရာဇီးလ်၊ ရီးရဲလ်မက်ဒရစ်)
ဗင်နီဆီးယက်စ်ဟာ ဒီရာသီမှာ ဘန်ဇီမာနဲ့အတူ တွဲဖက်ကာ အံ့အားသင့်ဖွယ် တိုက်စစ်အတွဲ အဖြစ်
ခြေစွမ်းပြနေပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း ဆုဖလားတွေ ရရှိခဲ့ရင်၊ သူ့ရဲ့ သွင်းဂိုးတွေကို
မေ့ထားလို့မရပဲ၊ သူဟာ ဒီရာသီမှာ ကြယ်စင်စုတို့ အတွက် ၄၆ပွဲကစား၊ ၁၈ဂိုးသွင်း၊ ၁၈ဂိုးဖန်တီး ပေးထားပါတယ်။
၆။ကီဗင်ဒီဘိရိုင်း (ဘယ်လ်ဂျီယံ၊ မန်ချက်စတာစီးတီး)
ဒီဘရိုင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ အဆင့်အတန်းကို ထပ်မံ ပြသခဲ့ပြီး၊ သူဟာ လီဗာပူးလ် အသင်းကို
နောက်ကောက်ချကာ မန်စီးတီး အသင်းအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူး ပေးနိုင်ဖို့
စိတ်ပိုင်းဖြတ်ထားပုံပါပဲ။ ဒီဘယ်လ်ဂျီယံသားဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်စီးတီး
အသင်းအတွက် ပြိုင်ပွဲစုံ ၄၀ပွဲကစားကာ ၁၅ဂိုးသွင်းယူပြီး ၁၂ဂိုးဖန်တီး ပေးထားပါတယ်။
၅။ကိုင်လီယန် အမ်ဘာပေ (ပြင်သစ်၊ ပီအက်စ်ဂျီ)
အမ်ဘာပေဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ထူးချွန်ခဲ့သူပါ။ သူ့ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့်၊
ဒီပြင်သစ်သားက ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ၄၂ပွဲကစားပြီး၊ ၃၃ဂိုးသွင်းယူကာ ၂၂ဂိုးဖန်တီး ပေးထားနိုင်ပါတယ်။
၄။ဆာဒီယိုမာနေး (ဆီနီဂေါ၊ လီဗာပူးလ်)
မာနေးဟာ ဒီနှစ် အစောပိုင်းမှာ ဆီနီဂေါ အသင်းနဲ့ အာဖရိကဖလား ရရှိခဲ့ပြီး၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ
အောင်မြင်ဖို့လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းနဲ့အတူ ကာရာဘောင်ဖလား
ရရှိထားပြီဖြစ်ပြီး၊ ပြိုင်ပွဲစုံ ၄၄ပွဲကစားကာ၊ သွင်းဂိုး၂၀နဲ့ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ် ပေးထားနိုင်ပါတယ်။
၃။ရောဘတ် လီဝမ်ဒေါစကီး (ပိုလန်၊ ဘိုင်ယန်မြူးနစ်)
ဘိုင်ယန်မြူးနစ် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗီလာရီးရဲလ် အသင်းကို
ရှုံးနိမ့်ကာ ကွားတားဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပေမယ့်၊ တိုက်စစ်မှူး လီဝမ်ဒေါစကီးကတော့
ဥရောပ ထိပ်တန်းလိဂ်၅ခုမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ဆက်ရှိနေပြီး၊ သူဟာ
ဒီရာသီ ပြိုင်ပွဲစုံ၄၃ပွဲမှာ ၄၈ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ် ပေးထားပါတယ်။
၂။မိုဟာမက်ဆာလာ (အီဂျစ်၊ လီဗာပူးလ်)
မိုဆာလာဟာ အီဂျစ် လက်ရွေးစင် အသင်းနဲ့ အောင်မြင်မှု မရခဲ့ပေမယ့်၊ လီဗာပူးလ်
အသင်းကို ဆုဖလား၄လုံး လမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်ဖို့ ကူညီပေးထားပြီး၊ သူဟာ ဒီရာသီမှာ
ကြိုးကြာနီတို့ အတွက် ပြိုင်ပွဲစုံ ၄၄ပွဲကစားကာ သွင်းဂိုး၃၀နဲ့ ဂိုးဖန်တီးမှု ၁၄ကြိမ်ပြုလုပ် ပေးထားနိုင်ပါတယ်။
၁။ကာရင်ဘန်ဇီမာ (ပြင်သစ်၊ ရီးရဲလ်မက်ဒရစ်)
ဘန်ဇီမာဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကို လာလီဂါမှာ အောင်မြင်မှုရအောင်
ကူညီပေးထား နိုင်တဲ့အပြင်၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဟက်ထရစ် သွင်းဂိုးတွေနဲ့ ဆီမီးဖိုင်နယ်ထိ ပို့ဆောင်ပေးထားပြီး၊
သူဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၁ပွဲကစားထားရာမှာ သွင်းဂိုး၄၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ကြိမ်အထိ ပြုလုပ်ပေးထားနိုင်တာ တွေ့ရပါတယ်။
crd