
ဂျိုကိုးလ်က ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ဖိအားတွေကို
ဖြေရှင်းနိုင်ရန် ရုန်းကန်နေရတယ်လို့ ယုံကြည်နေပြီး သရဲနီ တို့ကို
ဆက်လက် ကယ်တင်ပေးနေခဲ့တဲ့ ခရစ်စတီယာနို ရော်နယ်ဒို ကိုတော့ ချီးကျူး သွားခဲ့ပါတယ်။
ယခုလ အစောပိုင်းက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တိုးသွားခဲ့တဲ့ ဖာနန်ဒက်စ်ဟာ
အိုးထရပ်ဖို့ဒ်မှာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ကလပ်အတွက် ၄၃ ပွဲမှာ ၉ ဂိုးသာ
သွင်းပေးထားနိုင်ခဲ့ကာ ကလပ်အတွက် ဂိုးမသွင်းပေးတာ ၂ လ ကျော်နေပြီ ဖြစ်ပါတယ်။
ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘ၀ ၁၈ လအတွင်းမှာ
ကလပ် အတွက် ၅၁ ပွဲ ကစား ၂၆ ဂိုးသွင်းကာ ၁၉ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့
ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပုံစံကောင်း ပျောက်ဆုံးမှုနဲ့ အတူ ယူနိုက်တက် ကလည်း
ဒီရာသီမှာ ရုန်းကန် နေရပြီး လာမည့် ချန်ပီယံလိဂ်၀င်ခွင့် ပြင်ပ နေရာနဲ့ အဆုံးသတ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ကိုးက “ဘရူနိုကို စွန့်စားပြီး ကစားတဲ့ ကစားသမားလို့ ကျွန်တော် မြင်မိပါတယ်။ သူဟာ
ဘောလုံးကို စွန့်စား ကစားသူ ဖြစ်ပြီး သူဟာ အရာအားလုံး သူ့ကို ဗဟိုပြုပြီး ကစားတဲ့သူ
ဖြစ်ချင်နေတာပါ။ သူဟာ အရမ်းကို ကောင်းတဲ့ နည်းစနစ်ပိုင်းနဲ့ ထူးချွန်တဲ့ ဘောလုံးသမား တစ်ဦး ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဖိအားတွေအောက်မှာ ရုန်းကန်နေရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအသင်းဟာ
ဒီရာသီမှာ အလုပ်မဖြစ်ပါဘူး။ အရာအားလုံးဟာ သူ့ကို ဗဟိုပြုပြီး ကစားတဲ့ အခါမှာ
ဘရူနိုဟာ ပိုကောင်းအောင် ကစားနိုင်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။
ဒီအချိန်မှာတော့ အားလုံးသိကြတဲ့ အတိုင်းပဲ ရော်နယ်ဒိုက အသင်းမှာ ရှိနေပါတယ်။
သူဟာ အသင်းရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါတယ်။ ဘရူနိုဟာ ရစ်သမ်လိုအပ်တဲ့ ကစားသမား
ဖြစ်တဲ့ အပြင် အရာအားလုံး သူ့ကို ဗဟိုပြုပြီး ကစားသွားဖို့ လိုအပ်ပါတယ်။ဒါမှသာ သူ့ရဲ့
အကောင်းဆုံး အရည်အသွေးကို ထုတ်ယူနိုင်မှာပါ။ ပြီးတော့ သူဟာ စွန့်စား ကစားတက်သူပါ။
ဒါတွေ အလုပ်မဖြစ်တဲ့ အခါမှာ သူဟာ ရုန်းကန်နေရတယ်လို့ ကျွန်တော် ခံစားမိပါတယ်။
ဒါဟာ သူ့ game ရဲ့ အခြားတစ်ဖက်ကို highlight လုပ်လိုက်တာ ပါပဲ။ သူဟာ အရမ်းကို ကောင်းတဲ့
presser မဟုတ်ပါဘူး။ သူဟာ ကြံ့ခိုင်မှုပိုင်းမှာ သိပ်ပြီး ကောင်းမွန်ခြင်း မရှိပါဘူး။
သူဟာတိုက်စစ်အတွက်ပဲ လွတ်လွတ်လပ်လပ် ကစားရတာ နှစ်သက်သူပါ။ သူ့အနေနဲ့
အသင်းရဲ့ ကစားဟန်ကို ထိန်းချုပ် ကစားနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ဆိုသွားပါတယ်။
ဖာနန်ဒက်ဟာ ခက်ခဲတဲ့ အခြေအနေကို ဖြတ်သန်းနေရပေမယ့်လည်း သူ့ရဲ့ တစ်နိုင်ငံတည်းသာ ရော်နယ်ဒို ကတော့ ရုန်းကန်နေရတဲ့
ယူနိုက်တက် အတွက် ဆက်လက် အကျိုးပြုလျက် ရှိနေပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ၂၃ ဂိုးထိ သွင်းပေးထားခဲ့ပါတယ်။
ဆက်လက်ပြီး ကိုးက “ရော်နယ်ဒို ကတော့ ဂိုးတွေ သွင်းယူနေအုံးမှာပါ။ နောက် ၁၀ နှစ်လောက်
သူ့ကို တိုက်စစ်မှာ ထားကစားသွားခဲ့မယ် ဆိုရင်လည်း သူကတော့ ဆက်ပြီး ဂိုးသွင်းနေမှာပါ။
သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပြီး သမိုင်းတစ်လျှောက်
အကြီးကြယ်ဆုံးတွေထဲက တစ်ဦးပါ။ မန်ယူနိုက်တက်ဟာ အသင်းတစ်သင်း အနေနဲ့ စည်းလုံးမှု
မရှိဖြစ်နေပေမယ့်လည်း ဒီကြားထဲကမှ သူဂိုးတွေ အများကြီး သွင်းနိုင်ခဲ့တာကတော့ ချီးကျူးစရာပါ။
မန်ယူနိုက်တက်တို့ ဖလားတွေ မဆွတ်ခူးထားကတော့ သူ့အတွက် လုံလောက်မှု မရှိပါဘူး။
ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ဂိုးတွေ ဘယ်လောက်သွင်းသွင်း ဖလား မရဘူးဆိုရင်
ကျေနပ်နေမှာ မဟုတ်ပါဘူး။ သူဟာ တကယ့် winner တစ်ဦး ဖြစ်နေလို့ပါ။” လို့ ဆိုလိုက်ပါတယ်။
crd:SM