
ဟိုဆေး မော်ရင်ဟိုကိုသတင်းထောက်၁ဦးက ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် တန်ဟက်အပေါ်
အကြံပေးချင်တာရှိလားလို့ မေးတဲ့အခါ ပေါ်တူဂီသား ဘယ်လိုဖြေမယ်ဆိုတာ အားလုံး မျှော်လင့်ထားပြီးသားဖြစ်မှာပါ။
ယူနိုက်တက်အသင်းဟာ တန်ဟက်ကို ရာသီကုန်မှာ နည်းပြသစ်အဖြစ် ခန့်အပ်မယ်လို့
ကြေညာခဲ့ပြီး အေဂျက်စ်နည်းပြအနေနဲ့ ရာသီသစ်အတွက် ပြင်ဆင်ရမှာတွေ အများကြီး
ရှိနေခဲ့ပါတယ်။ မော်ရင်ဟိုဟာလည်း ၂၀၁၆ခုနှစ်ကနေ ၂၀၁၈ခုနှစ်ကြား အိုးထရက်ဖို့ဒ်မှာ
နည်းပြလုပ်ခဲ့တာကြောင့် ယူနိုက်တက်အကြောင်း ကောင်းကောင်းသိသူ၁ဦး ဖြစ်ပါတယ်။
လက်ရှိရိုးမားနည်းပြ မော်ရင်ဟိုအနေနဲ့ ယနေ့ည ယူရိုပါကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်
လက်စတာနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ယခုလိုအသင်းအတွက် အရေးကြီးနေချိန် ယူနိုက်တက်
အတွက် မစဉ်းစားသေးနိုင်သေးဘူးဆိုတာကလည်း အံ့အားသင့်စရာမဟုတ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
သတင်းထောက်က အသင်းဟောင်းအကြောင်း မေးမြန်းရာမှာ မော်ရင်ဟိုက လက်ကိုယမ်းကာ
“မင်းက ချက်ကောင်းကို မေးတာပဲ။ ငါ့ အသင်းဟောင်းအကြောင်းပေါ့။ အခုအသင်းအကြောင်းမှ
မဟုတ်တာ။ ငါ့မှာ ဘာအကြံမှ ပေးစရာမရှိဘူး”လို့ ပြန်တုန့်ပြန်ခဲ့ပါတယ်။ ပရိသတ်တွေကတော့
မော်ရင်ဟိုရဲ့ တဲ့တိုး ပြန်ဖြေတတ်မှုအပေါ် သဘောကျလျက် ရှိနေကြပါတယ်။
ပရိသတ်တစ်ဦးက“ဟဟ။ ငါသူ့ကို တကယ်ကြိုက်တယ်”လို့ ရေးခဲ့ပါတယ်။ နောက်တစ်ဦးက
“သူ့ကို အပြစ်တင်လို့ မရပါဘူး။ ဘာလို့ ခုလိုမေးခွန်းကြီး ထမေးမှန်းမှမသိတာ”လို့ ဆိုခဲ့ပါတယ်။
နောက်တစ်ယောက်ကလည်း “ငါ ဒီလိုပြန်ဖြေတာကို တကယ်လေးစာတယ်”လို့ ရေးခဲ့ပါတယ်။
မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပြီးနောက် ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်
ဖလားတွေကို ဆွတ်ခူးခဲ့ပါတယ်။ ဆိုးရွားတဲ့ နွေရာသီအပြောင်းအရွှေ့ကာလအပြီး ၂၀၁၈ခုနှစ်
ဒီဇင်ဘာလမှာ မော်ရင်ဟိုတစ်ယောက် ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
crd