
အိုင်ယက်စ် နည်းပြချုပ် အဲရစ်တန်ဟတ် ကို မန်ချက်စတာ ယူနိုက်တက် တို့ ခေါ်ယူခဲ့ပါပြီ။
မကြာခင်ကပဲ တန်ဟတ် ကို နည်းပြအဖြစ် ခန့်အပ်ကြောင်းကို ကြေညာသွားပါတယ်။
နယ်သာလန်သားကြီးဟာ အိုင်ယက်စ် ကို အမှတ်ပေး ချန်ပီယံ ၂ ကြိမ် ၊ ရှုံးထွက် ဖလား ၂ ကြိမ် ရအောင်
စွမ်းဆောင်ပေး နိုင်ခဲ့သလို ၂၀၁၉ တုန်းကလည်း ချန်ပီယံလိဂ် မှာ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပါတယ် ။
လူငယ်တွေကို မြေတောင်မြှောက် ပေးမှု ၊ စွဲမက်ဖွယ် ကောင်းတဲ့ တိုက်စစ်ကစားပုံတွေကြောင့် အသင်းရဲ့ ရေရှည် စီမံကိန်း အတွက်
အသင့်တော်ဆုံး နည်းပြလို့ လက်ရှိ ယာယီ နည်းပြ ရန်းနစ် နဲ့ ဘုတ်အဖွဲ့ဝင်တွေ က လက်ခံ ထားခဲ့တာပါ ။
ယူနိုက်တက် နည်းပြ ဆိုတဲ့ ထိုင်ခုံပူပေါ်ကို ထိုင်လိုက်ပြီ ဆိုတာနဲ့ တကမ္ဘာလုံးက စောင့်ကြည့် ကြတော့မှာ
ဖြစ်သလို မီဒီယာတွေ ကလည်း တန်ဟတ် ရဲ့ ဘဝထဲကို စွက်ဖက် ဝင်ရောက်လာကြတော့မှာပါ ။
ဒါတွေ မတိုင်ခင် မှာတော့ အဲရစ် တန်ဟတ် လုပ်ရမယ့် အရာတွေ ရှိနေ ပါသေးတယ် ။ အဲ့ဒါတွေ ကတော့ . . .
၁ ။ နည်းပြအဖွဲ့
နည်းပြအဖွဲ့ ဆိုတာ နည်းပြချုပ် တယောက် ( မန်နေဂျာ တယောက် ) အတွက် အရေးအကြီးဆုံး အရာပါပဲ ။
အဖွဲ့ဝင် ၄-၅ ယောက်လောက် ရှိတဲ့ ဒီအဖွဲ့ဟာ ကစားသမားတွေကို လေ့ကျင့်ပေးတာ ၊ မန်နေဂျာ နဲ့
တိုင်ပင် ဆွေးနွေးတာတွေတင် မကပါဘူး ၊ မန်နေဂျာ ဖြစ်သူရဲ့ အတွေးအခေါ်တွေ ကိုပါ ကစားသမားတွေ
သိနားလည် လာအောင် လုပ်ဆောင်ပေးရ သူတွေပါ ။ သူတို့ဟာ နည်းပြချုပ် ( မန်နေဂျာ ) ထက်
ကစားသမားတွေနဲ့ ပိုမို ထိတွေ့ ကြသူတွေ ဖြစ်ပြီး မန်နေဂျာ နဲ့ ကစားသမားတွေရဲ့ ကြားမှာ ပေါင်းကူးတံတား အဖြစ် ရှိနေပေး ကြမယ့် သူတွေပဲ ဖြစ်ပါတယ် ။
ယူနိုက်တက် ဘုတ်အဖွဲ့ဟာ အဲရစ် တန်ဟတ် စိတ်ကြိုက် နည်းပြ အဖွဲ့ ကို တည်ဆောက်ဖို့ ခွင့်ပြု ထားပြီး
လက်ရှိမှာပဲ အိုင်ယက်စ် လက်ထောက်နည်းပြ မစ်ချယ် ဗန်ဒါဂတ် ကို ခေါ်ယူဖို့ ဆွေးနွေး နေပါပြီ ။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်း အကြောင်းကို သိနားလည်တဲ့ ကစားသမားဟောင်း
တယောက်လောက် ကိုလည်း ထည့်သွင်းသွားဖို့ ရှိပါတယ် ။ နယ်သာလန်သားတွေ ဖြစ်ကြတဲ့ ဗန်နစ္စတယ်ရွိုင်း နဲ့
ဗန်ပါစီ တို့ကတော့ တန်ဟတ် ရဲ့ နည်းပြအဖွဲ့ဝင် လုပ်ဖို့ ငြင်းခဲ့ကြပြီးပါပြီ ။ ဘယ်သူ ဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ပါပဲ ။
၂ ။ စာချုပ်ကုန်မယ့် ကစားသမားများ
ယူနိုက်တက် နည်းပြဖြစ်လာ အပြီးမှာ တန်ဟတ် ပထမဆုံး လုပ်ရမယ့် အလုပ်တွေထဲက တခု ကတော့
နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ့် ကစားသမားတွေ နဲ့ ဆွေးနွေးတာပါပဲ ။ အသင်းနဲ့ စာချုပ်
ကုန်မယ့် သူတွေ အထဲမှာ နီမန်ဂျာ မာတစ် ၊ မာတာ ၊ ဂျက်ဆီ လင်ဂတ် တို့ကတော့ နွေရာသီမှာ
သေချာပေါက် ထွက်ခွာ ကြပါမယ် ၊ ကာဗာနီ လည်း စပိန်ကို သွားဖို့ စိတ်ကူးထားပြီး ဖြစ်သလို ပေါ့ဘာ
ကလည်း ရီးရဲ ( သို့ ) PSG ကို ပြောင်းဖို့ ချိတ်ဆက်ပြီးနေ လောက်ပါပြီ ။ ဒါပေမယ့် ဒီလူတွေ နဲ့
တွေ့ပြီး ဆွေးနွေးရမယ့် တာဝန်ကတော့ နည်းပြသစ် လုပ်ရမယ့် ကိစ္စ တခု ဖြစ်လာမှာပါ ။
တန်ဟတ် ရောက်လာတာက ဒီ ကစားသမားတွေရဲ့ စိတ်ကူးကို ပြောင်းလဲ စေနိုင်ဖို့
အလားအလာနည်းပါတယ် ။ လာမယ့် ရာသီမှာ သူတို့ ဆက်ရှိနေကြမှာ မဟုတ်တော့ပါဘူး ။
၃ ။ အငှားစေလွှတ်ထားသူတွေရဲ့ အနာဂါတ်
တန်ဟတ် နဲ့ သေချာ ဆွေးနွေးရမယ့် သူတွေက ဒီရာသီမှာ အငှား စေလွှတ်ထားကြတဲ့ ကစားသမားတွေပါပဲ ။
ဆိုးရှား ရော ရန်းနစ် လက်ထက်မှာပါ နေရာမရ ခဲ့လို့ အဲဗာတန် ကို အငှားထွက် ကစားခဲ့ရတဲ့ ဒွန်နီ
ဗန်ဒီဘိ ကတော့ ဆရာဟောင်း တန်ဟတ် လက်အောက်မှာ နေရာရဖို့ အလားအလာ အများဆုံး အဖြစ် ရေပန်းစား နေပါတယ် ။
နောဝှစ် ကို သွားကစားနေတဲ့ ဘရန်ဒွန် ဝီလ်ယံ ကိုလည်း ရန်းနစ် က ယူနိုက်တက် ရဲ့ လာမယ့် ရာသီ အစီအစဉ်ထဲမှာ
ပါဝင်နေတယ်လို့ ပြောဖူးတာကြောင့် ဒီလူငယ်လေး ကိုလည်း တန်ဟတ် ဆက်ထိန်းသွားဖို့ ရှိပါတယ် ။
အန်တိုနီ မာစီရယ် ၊ အန်ဒရေ ပါရဲရား တို့နဲ့ အခြားသော စီနီယာ အသင်းက လူတွေ ကိုတော့ အဲရစ်တန်ဟတ်
ကိုယ်တိုင် တွေ့ဆုံပြီး သူ့ရဲ့ အစီအစဉ် ထဲမှာ ဆက်ရှိနေမလား မရှိနေ ဘူးလားဆိုတာတွေ ပြောပြသွားမှာပါ ။
ဒါကလည်း နည်းပြသစ် တယောက် မဖြစ်မနေ လုပ်ရတဲ့ အရာတခုပါပဲ ။
၄ ။ ရပ်ဖ်ရန်းနစ် ရဲ့ စာရင်း
ယူနိုက်တက် ကို ရောက်လာတဲ့ ၃-၄ လ အတွင်းမှာပဲ ရပ်ဖ်ရန်းနစ် တယောက် အသင်းရဲ့ အခြေအနေကို
အတော်လေး သဘောပေါက် နားလည်သွားလောက်ပါပြီ ။ ဒါကြောင့် နည်းပြအဖြစ် ဆက်မလုပ်တော့ဘဲ
ဘုတ်အဖွဲ့ နဲ့ နည်းပြတို့ အကြားမှာ ချိတ်ဆက် စီမံ ပေးတဲ့ နေရာကို ရွှေ့ပြောင်း
တော့မှာပါ ။ ဒါပေမယ့် သူလုပ်ထားတဲ့ အိမ်စာတွေ ကိုတော့ နည်းပြသစ် ကို ပြရဦးမှာပါပဲ ။
အသင်းရဲ့ အနာဂါတ် အတွက် သူ လုပ်ထားတဲ့ စာရင်းတွေ ရှိတယ်လို့ အင်တာဗျူးမှာ ရန်းနစ် ထုတ်ပြောဖူး ပါတယ် ။
ဒါကို အဲရစ်တန်ဟတ် နဲ့ အတူ လေ့လာပြီး ဘယ်သူတွေ က နည်းစနစ် နဲ့ ကိုက်ညီမှု ရှိမယ် ၊ ဘယ်သူတွေက ရေတို ၊ ဘယ်သူတွေက
ရေရှည် အသုံးတည့်နိုင်မယ် ၊ ဈေးကွက်မှာ ဘယ်လို အနေအထားတွေ ရှိတယ် ဆိုတာကို တိုင်ပင်ဆွေးနွေး ကြမှာပါ
တန်ဟတ် ဟာ ရန်းနစ် နဲ့ သေချာပေါက် လက်တွဲ အလုပ်လုပ် ရမှာ ဖြစ်ပြီး ဒီလို လုပ်ရဖို့
အတွက်လည်း ရန်းနစ် ကို ယူနိုက်တက် တို့ စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူ ထားခဲ့ရတာပါ ။
၅ ။ တိုက်စစ်မှူးသစ်
အီဒီဆင် ကာဗာနီ ထွက်မယ် ၊ ရက်ဖိုဒ့် ခြေကျ နေတယ် ၊ ရိုနယ်ဒို က အကျဘက် ရောက်နေပြီ ၊
ဂရင်းဝုဒ် က အမှုရင်ဆိုင် နေရတယ် ၊ မာစီရယ် က ထိပ်တန်းဆင့် တခါမှ မဖြစ်လာခဲ့ဘူး ဆိုတဲ့
အချက်အလက်တွေ အရ ယူနိုက်တက် ဟာ နွေရာသီမှာ ဒေါင်ဒေါင်မြည် တိုက်စစ်မှူး တယောက်ကို မဖြစ်မနေ ဝယ်ယူရမယ် ဆိုတာ ပေါ်လွင် နေစေပါတယ်
ရန်းနစ် ကိုယ်တိုင် ဒါကို သဘောပေါက်ထားပြီး တန်ဟတ် အတွက် စာရင်းတွေ ပြုစု ပေးထားပြီးပါပြီ ၊
သတင်ထွက်သူတွေ ကတော့ ဘင်ဖီကာ က ဒါဝင် နူနက်ဇ် ၊ အဲဗာတန် က ရစ်ချလီဆင် တို့ပါပဲ
ဒါပေမယ့် တန်ဟတ် ရောက်လာမှ ဘယ်သူ ကို ခေါ်မယ် ဘယ်သူက အသင့်တော်ဆုံး ဖြစ်မယ် ဆိုတာတွေ ကို ရန်းနစ် နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ကြမှာပါ ။
ကာဗာနီ အပြင် ရိုနယ်ဒို ၊ မာစီရယ် တို့ပါ ထွက်နိုင်သလို ဂရင်းဝုဒ် ကလည်း ကစားပေးနိုင်ဦးမှာ
မဟုတ်တာကြောင့် တိုက်စစ်မှူး အနည်းဆုံး ၁ ယောက်ကတော့ သေချာပေါက် ရောက်ရှိလာမှာပါ ။
ဘယ်သူဆိုတာ ကတော့ ဂျာစီ ကိုင်မှပဲ သေချာပြီလို့ ပြောရမှာပါပဲ ။
crd:SPORTS MYANMAR