
လာမယ့်နွေရာသီမှာ ယူနိုက်တက်အနေနဲ့ ကစားသမားသစ် ၁၀ ဦးအထိ ခေါ်ယူနိုင်ပြီး အသင်းကို
ပြန်လည်တည်ဆောက်သွားဖို့ရှိတယ်လို့ လီဗာပူးလ်ကို ရှုံးနိမ့်အပြီးမှာ ယူနိုက်တက်ယာယီနည်းပြရန်းဂ်နစ်ခ်က
ပြောဆိုလိုက်ပါတယ်။ လာမယ့်ရာသီအတွက် ယူနိုက်တက်ဟာ နည်းပြသစ်အဖြစ်
အေဂျက်ဇ်နည်းပြ အီရစ်တန်ဟက်ဂျ်နဲ့ သဘောတူညီမှုရရှိထားပြီးပြီလို့လည်း သိရပါတယ်။
အသင်းကနေ ပေါ့ဂ်ဘာ၊ လင်ဂတ်၊ မာတစ်၊ မာတာ၊ ကာဗာနီတို့ ထွက်ခွာဖို့ရှိနေပြီး ရော်နယ်ဒို၊
ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဗန်ဒီဘိခ်၊ ဘိုင်ယီ၊ ဖီးလ်ဂျုံးစ်နဲ့ ဒင်းဟန်ဒါဆန်တို့ရဲ့ အနာဂတ်ကလည်း
မသေမချာဖြစ်နေတယ်လို့ The Sun က ဆိုပါတယ်။ လီဗာပူးလ်ကို ၄-၀ နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့ပြီးနောက်
အသင်းကို အလုံးစုံပြုပြင်ပြောင်းလဲသွားမယ့် အနေအထားနဲ့ပတ်သက်ပြီး ရန်းဂ်နစ်ခ်က အခုလိုပြောဆိုခဲ့ပါတယ်။
“ပြန်လည်တည်ဆောက်မှုတွေ သေချာပေါက်ပြုလုပ်ရတော့မှာပါ၊ အဲဒါက ကျနော် ဒီအသင်းကို
ရောက်ပြီး ၃ပတ်၊ ၄ပတ်လောက်မှာကတည်းက သိသာနေခဲ့တာပါ၊ ကစားသမားသစ်
ခြောက်ယောက်၊ ခုနှစ်ယောက်၊ ရှစ်ယောက်လောက်၊ ၁၀ ယောက်အထိတောင်မှ ရောက်လာနိုင်ပါတယ်” လို့
ရန်းဂ်နစ်ခ်က ပြောဆိုခဲ့တာပါ။ ယူနိုက်တက်ဟာ ဒါဝင်နူနက်ဇ်၊ အန်တိုနီ၊ အန်ကူကူတို့လို
ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေနဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
နည်းပြသစ်ဖြစ်လာမယ့် တန်ဟက်ဂျ်ကလည်း မိုနာကိုကွင်းလယ်လူ ချူမန်နီကို ပစ်မှတ်
ထားနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်ကို အရေးနိမ့်ခဲ့အပြီးမှာ ရန်းဂ်နစ်ခ်က “ဒါက ရှက်စရာပါပဲ၊
စိတ်ပျက်ဖို့လည်းကောင်းပါတယ်၊ ဒီပွဲက ပရိသတ်တွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို
ကစားသမားတွေသိခဲ့ပေမယ့် ပထမပိုင်းမှာ ဘာမှကို မလုပ်ပြနိုင်ခဲ့ပါဘူး” လို့လည်း ပြောဆိုခဲ့ပါတယ်။
crd