
ပြည်သူတွေအချင်းချင်းကြားမှာ ညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော၊ပြင်ပကနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး
မှတ်ချက်ပေးတာမရှိဘူးလို့ သိရ ၊ ဒီကနေ့ဧပြီ (၁၈)ရက်မနက်ပိုင်းက
နေပြည်တော်အထူးတရားရုံးမှာလုပ်တဲ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအချင်းချင်းကြားမှာ အားလုံးညီညွတ်ကြဖို့လိုသလို အမြင်မတူတာက ပြဿနာမဟုတ်လို့
ဆွေးနွေးကြဖို့လိုတယ်လို့ ပြည်သူတွေကိုသာရည်ညွန်းပြီး မှတ်ချက်ပြုတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဒါပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတစုံတရာမှတ်ချက်ပြုပြောတာမရှိဘူးလို့ ဆိုပါတယ်။
ဒီကနေ့ကြားနာစစ်ဆေးမှုမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်ဝန်ကြီးချုပ်ဟောင်း
ဦးဖြိုးမင်းသိန်းကနေ ရွှေနဲ့ဒေါ်လာတွေပေးတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အဂတိအမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပါတယ်။
အဲ့ဒီအမှုအတွက် လာမယ့် ဧပြီလ (၂၆)ရက်မှာတော့ အမိန့်ချဖို့ ရှိတယ်လို့ တရားရုံးအသိုင်းအဝိုင်းကပြောပါတယ်။
ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်တဲ့ အဂတိအမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးရာမှာတော့
စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဘက်က အခုတရားစွဲဆိုမှုဟာ ဥပဒေနဲ့မညီတဲ့အကြောင်း ထောက်ပြလျှောက်လဲခဲ့ပြီး
တရားလိုပြသက်သေဖြစ်တဲ့ ဦးဖြိုးမင်းသိန်းကို ထိန်းသိမ်းထားတဲ့အခြေအနေ မှာ သူ့ရဲ့ပြောဆိုချက်
ပေါ်မူတည်ပြီး တရားစွဲဆိုတာက ဥပဒေနဲ့မညီတဲ့အကြောင်းကိုလည်း ထည့်သွင်းလျှောက်လဲခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာစစ်ဆေးတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ကျန်တဲ့အဂတိအမှု (၄)မှုအတွက်တော့ တရားလိုပြသက်သေတွေကို ဆက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဖြူရောင်ရင်ဖုံးအင်္ကျီနဲ့ ရှမ်းရိုးရာအင်္ကျီအဖြူရောင်ကို
အပေါ်ထပ်ဝတ်ဆင်ထားပြီး လန်းလန်းဆန်းဆန်းရှိသလို ကျန်းမာရေးလည်းကောင်းမွန်တယ်လို့ သိရပါတယ်။
crd