
မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ နီးစပ်နေသူ အဲရစ် တန်ဟန့်က အသင်းရဲ့
အဓိကတိုက်စစ်ကစားသမားဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ နောက်ရာသီ အနာဂါတ်အစီစဉ်ထဲမှာ
မပါဝင်ကြောင်း မန်ယူအသင်းကို အသိပေးလိုက်ပါတယ်။ မန်ယူရဲ့ အမြဲတမ်း
နည်းပြသစ်ဖြစ်လာဖို့ နှုတ်နဲ့ သဘောတူညီမှုရထားပြီဖြစ်တဲ့ တန်ဟန့်ဟာ လာမယ့်နွေရာသီမှာ မန်ယူကို
အဓိကပြောင်းလဲမှုတွေ လုပ်သွားဖို့ ရှိနေတာပါ။ တန်ဟန့်ဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ သူရဲ့
နည်းပြအဖွဲ့ဝင်ရွေးချယ်တဲ့ ကိစ္စတို့မှာ အပြည့်အဝထိန်းချုပ်ခွင့် မန်ယူဘက်ကို တောင်းဆိုထားပြီးတော့
တန်ဟန့်နည်းပြဖြစ်လာတာနဲ့ ကစားသမား ၁၁ ဦးက မန်ယူကနေ ထွက်သွားဖို့ ရှိနေကြောင်း
သိရပါတယ်။ မန်ယူကထွက်မယ့် လူစာရင်းမှာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာ၊
အက်ဒီဆန် ကာဗာနီနဲ့ ဂျီစီ လင်းဂတ်တို့ ပါဝင်နေပါတယ်၊ ဒါပေမယ့်လည်း The Star သတင်းဌာနကတော့
တန်ဟန့်ဟာ ရိုနယ်ဒိုအတွက်လည်း ထွက်ခွာဖို့ မီးစိမ်းပြထားတယ်လို့ ဖော်ပြပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ
ပြီးခဲ့တဲ့နွေရာသီတုန်းက မန်ယူဆီကို ပြန်ရောက်လာခဲ့တာဖြစ်ပြီး၊ ၂ နှစ် စာချုပ်နဲ့ တစ်နှစ်
ထပ်မံသက်တမ်းတိုးခွင့် စာချုပ် ချုပ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့
ရိုနယ်ဒိုဟာ သူ့ရဲ့ ဒုတိယအကြိမ်အိမ်ပြန်ခရီးမှာလည်း အမှတ်ရစရာအခိုက်အတန့်အချို့ကို
ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဖလားလက်မဲ့ငါးရာသီမြောက်ကို ဦးတည်နေပြီး
နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း စိုးရိမ်စရာဖြစ်နေတာကြောင့်၊ ရိုနယ်ဒိုဟာ
သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး စဉ်းစားလျက်ရှိနေတာပါ။ ရိုနယ်ဒိုအနေနဲ့ သူ့အနာဂါတ်နဲ့ ပတ်သက်ပြီး
ဘယ်လိုဆုံးဖြတ်ချက်မျိုး ချထားပြီးဖြစ်ပါစေ၊ တန်ဟန့်ဟာ ကစားပုံစတိုင်အသစ်တစ်မျိုး
တည်ဆောက်မာဖြစ်တာကြောင့် ရိုနယ်ဒိုရဲ့ အသက်အရွယ်အရ၊ သူ့ရဲ့ အစီစဉ်တွေထဲမှာ ရိုနယ်ဒို
ပါဝင်မာမဟုတ်ကြောင်း မန်ယူအကြီးအကဲတွေကို ပြောဆိုထားပါတယ်။ ရိုနယ်ဒိုဟာ
ဒီရာသီမှာ ၁၈ ဂိုးသွင်းထားပြီး မန်ယူရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပေမယ့်လည်း၊ သူ့ရဲ့ လုပ်အားနှုန်း၊ ပြိုင်ဘက်အပေါ်
ဖိအားပေးမှု မရှိတာတို့ကြောင့် မေးခွန်းထုတ်ခံနေရပြီး၊ တန်ဟန့်ရဲ့ လက်အောက်မှာ
သင့်လျော်မှု ရှိ၊ မရှိ စိုးရိမ်နေကြပါတယ်။ ရိုနယ်ဒိုဟာ ရာသီအစပိုင်းတုန်းက နည်းပြ အန်တိုနီယို
ကွန်တီကို ခေါ်ယူပေးဖို့ တိုက်တွန်းအားပေးမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက်
၊ မန်ယူဟာ တန်ဟန့်ကို ခန့်အပ်တဲ့ ကိစ္စမှာတော့ ရိုနယ်ဒိုကို ပါဝင်ပတ်သက်ခိုင်းခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
crd