
လီဗာပူးကွင်းလယ်လူဟောင်း ဒန်နီမာဖီက လက်ရှိမန်ချက်စတာယူနိုက်တက် ယာယီနည်းပြရာဖ့်ရန်နစ်အတွက်
စိတ်မကောင်းဖြစ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီရာသီဟာ ယူနိုက်တက်အတွက်တော့ မေ့ပစ်ချင်စရာ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။
ဖလားပြိုင်ပွဲတိုင်းကနေ ထွက်ခွာရပြီးဖြစ်သလို ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့လည်း ရုန်းကန်နေရပါတယ်။
ပိုဆိုးတာကတော့ ဂျာမန်သားနည်းပြကြီးဟာ နိုဝင်ဘာမှာ ယူနိုက်တက်ကို စရောက်လာကတည်းက
အသင်းဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ရန်နစ်ရဲ့ နည်းစနစ်ပိုင်းတွေကိုလည်း မကြာခဏမေးခွန်းထုတ်ခံနေရပြီး မန်ချက်စတာယူနိုက်တက်လို
အသင်းမျိုးကို တာဝန်ယူဖို့ အရည်အချင်းမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေတောင် ရှိခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ယူနိုက်တက်ဟာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့ အဲဗာတန်လိုအသင်းမျိုးကိုတောင်
၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတော့တဲ့ အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။
မာဖီကတော့ TalkSPORT စကားဝိုင်းမှာ လိုက်ပ်ဇစ်နည်းပြဟောင်းအတွက် စိတ်မကောင်းဖြစ်မိတယ်ဆိုပြီး
ဝန်ခံသွားပါတယ်။ မာဖီက “ ကျွန်တော်သူ့အတွက် စိတ်မကောင်းပါဘူး၊ သူ့မှာဘေးကျပ်နံကျပ်ဖြစ်နေတာပါ။
ကောင်းတာတစ်ခုမှကို မရှိဘူးဖြစ်နေတယ်။ သူအသင်းကို အစွမ်းကုန်ဦးဆောင်ပေးပြီးပါပြီ၊ အခုဖြစ်နေတာတွေက ကစားသမားတွေကြောင့်ပါ။
ဒီပွဲ(အဲဗာတန်) က ကစားသမားတွေရဲ့ ခြေစွမ်းဆိုရင် လုံးဝကို စုတ်ပြတ်သတ်နေတာပါ။
ဦးတည်ချက်မရှိ၊ တည်ငြိမ်မှုမရှိနဲ့ ဂုဏ်သိက္ခာရော၊ အရည်အချင်းပါ မရှိတော့တဲ့အသင်း ဖြစ်နေပြီ။
တော်တော်ကိုဆိုးရွားတဲ့ ခြေစွမ်းမျိုးနဲ့ ကစားသွားကြတယ်။ ဒါပေမယ့် ဒီခြေစွမ်းက အပတ်တိုင်းမြင်တွေ့နေရတာဆိုတော့လည်း မဆန်းတော့ပါဘူး ” လို့ ပြောခဲ့ပါတယ်။
အဲဗာတန်နဲ့ပွဲမှာ ဂျာမန်သားနည်းပြကြီးဟာ ကစားသမားတွေကို မျှမျှတတ ဆက်ဆံသွားတယ်လို့လည်း မာဖီက ယုံကြည်နေပါတယ်။
“ နည်းပြတစ်ယောက်အနေနဲ့ သူ့မှာ ပြစ်တင်ဝေဖန်ခွင့်ရှိတယ်။ ဒါပေမယ့် အသင်းက အချိတ်အဆက် နည်းနည်းလိုနေတယ်လို့ သူပြောသင့်တယ်။
သူတစ်ခါမှ မကြုံဖူးတဲ့ ဆိုးရွားမှုတွေရှိတယ်လို့ ပြောသင့်တယ်။ အလုပ်တိုင်းမှာ ဖိအားတော့ရှိပေမယ့်
ဒီလိုမျိုးဆိုးရွားမှုကတော့ ဘယ်နေရာမှာမှ ရှိမှာ မဟုတ်ပါဘူး ” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ရန်နစ်ကို ယာယီနည်းပြအဖြစ်သာ ရာသီကုန်ထိ ဆက်ခန့်ပြီး ရာသီကုန်ကျမှ
ရောက်လာမယ့် နည်းပြသစ်ကို ကူညီပေးနိုင်မယ့် အုပ်ချုပ်ရေးပိုင်းကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်။ crd