
ချယ်ဆီးအသင်းဟာ ဒီတပတ် ကြားရက်မှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရေး အဆုံးအဖြတ် ဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားဖိုင်နယ်
ဒုကျော့ ပွဲစဉ်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဒီနှစ်သင်းဟာ ဒီည/
ဧပြီ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁း၃ဝ နာရီမှာ ရင်ဆိုင် ကစားကြမှာ ဖြစ်ပါတယ်။
ပထမအကျော့ အင်္ဂလန်၊ လန်ဒန်မြေမှာ ကစားသွားစဉ်ကတော့ ရီးရဲလ်မက်ဒရစ် က ချယ်ဆီးကို ၃ဂိုး ၁ဂိုးနဲ့
အနိုင်ရထားပြီး နောက်တစ်ဆင့် တက်နိုင်ဖို့ အလားအလာ ကောင်းနေပါတယ်။ လက်ရှိ ချန်ပီယံ
ဖြစ်တဲ့ ချယ်ဆီး အနေနဲ့ စပိန်မြေမှာ ယခင် ရလဒ်ကို ချိုးဖျက် ကျော်တက်နိုင်ဖို့ အားကုန် ထုတ်ရတော့မှာပါ။
နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဒုတိယ အကျော့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင်က ” ရီးရဲလ်မက်ဒရစ် အတွက်တော့ လန်ဒန်မှာ ကစားခဲ့တဲ့ ရလဒ်က တကယ့် ရလဒ်ကောင်းပါ။
အဲဒီပွဲမှာ တကယ့် တကယ် ပြောစရာကလည်း တစ်ယောက်ပဲ ရှိတယ်။ ကာရင် ဘန်ဇီမာ ပဲ။
တစ်ပွဲတည်းမှာ ဒီလောက် ကောင်းတဲ့ ခေါင်းတိုက်ဂိုး ၂ဂိုး တခါတည်း ကျနော် မြင်ရော မြင်ဖူးခဲ့ရဲ့လား
မသိဘူး။ သူက ဘဝမှာ အကောင်းဆုံး ခြေစွမ်းမျိုး ရနေပြီး ဒီအသင်းအတွက် အရေးပါတဲ့ သူလည်း ဖြစ်တယ်။
ချယ်ဆီးကလည်း စတန်းဖို့ဘရစ်ချ်မှာ အခွင့်ကောင်းတွေ ရှိခဲ့ပြီး ဂိုး ပိုသွင်းနိုင်ခဲ့သင့်တယ်။
သူတို့ မက်ဒရစ်မှာလည်း ဂိုးသွင်းဦးမှာပါ။ ဒါပေမယ့် ရီးရဲလ်က အတွေ့အကြုံ သိပ်များတဲ့
အသင်း ဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့ လုံလောက်အောင် လုပ်ပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းချက် ကတော့ ရီးရဲလ် ၁-၁ ချယ်ဆီး ရလဒ်နဲ့ သရေကျပြီး နှစ်ကျော့ ပေါင်း
ရလဒ်အရ ရီးရဲလ် မက်ဒရစ် ဆီမီးဖိုင်နယ် တက်ရောက်သွားမယ်လို့ ဆိုထားပါတယ်။
crd