
ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး
ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ နီမန်ဂျာ ဗီဒစ်ကတော့ ယူနိုက်တက်နည်းပြ
ရန်းဂ်နစ်အနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ
ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ပွဲကြီးတွေမှာ မသုံးပဲ ပွဲငယ်တွေမှာသာ ထုတ်သုံးသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။
အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားဟာ ၂၀၁၉ခုနှစ်ကမှ
လက်စတာ စီးတီးကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကလပ်ရဲ့ နောက်ခံလူ တဦး အတွက် စံချိန်တင်
ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားနေသူလည်း ဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်ထံ စတင် ရောက်ရှိချိန်မှ စတင်ကာ အသင်းရဲ့ မရှိမဖြစ်
နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပုံမှန်
ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်ဖို့ ရုန်းကန်နေရကာ သူ့ရဲ့ အမှားတွေကြောင့် ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးတွေလည်း အတော်လေးကို များပြားနေပါတယ်။
ဒါကြောင့်ပဲ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းတလျှောက် အဆိုးဝါးဆုံး ခေါ်ယူမှု ဆိုတဲ့
ဝေဖန်မှုတွေ ထွက်ပေါ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်း ဗီဒစ်ကတော့
မက်ဂွိုင်းယားဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း ကာကွယ် ပြောကြားခဲ့သလို
သူ့တုန်းကလည်း မက်ဂွိုင်းယားလို အခြေအနေမျိုးနဲ့ ကြုံတွေ့ရဖူးကြောင်းနဲ့ ယူနိုက်တက်နည်းပြ ရန်းဂ်နစ်က
မက်ဂွိုင်းယားကို ပွဲကြီးတွေမှာ အရန်ခုံ ထိုင်ခိုင်းပြီး ပွဲငယ်တွေမှာသာ ကစားခိုင်းကာ ကစားသမားရဲ့
စိတ်ဓာတ်ပိုင်းကို ပြန်လည် မြှင့်တင်ပေးဖို့ လိုအပ်ကြောင်း သူ့ရဲ့ ထင်မြင်ချက်တွေကို ပြောကြားခဲ့ပါတယ်။
ဗီဒစ်က – “ကစားသမားတိုင်းက အခိုက်အတန့် တချို့မှာ ခြေစွမ်းတွေ ပျောက်ဆုံးတတ်ကြပါတယ်။
ကျွန်တော့်တုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးသလို မက်ဂွိုင်းယား အတွက် ဒီရာသီက ကောင်းမွန်တဲ့
ရာသီတခု မဟုတ်ဘူး ဆိုတာ သိသာပါတယ်။ ခံစစ်မှူး တဦး အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့
ရုန်းကန်နေရတဲ့ အခိုက်အတန့်တွေမှာ ခြေစွမ်းကောင်းတွေ ပြန်ရဖို့ လုပ်စရာ ကိစ္စတချို့ ရှိပါတယ်။
အဲ့ဒီထဲက တခုဟာ ပွဲတွေ ဆက်တိုက် ကစားနေတာကို ရပ်လိုက်ဖို့ပါပဲ။ နည်းပြက သူ့ကို လွယ်ကူတဲ့
ပွဲငယ်တွေမှာ ကစားခိုင်းပြီး သူ့ရဲ့ ယုံကြည်မှုနဲ့ ခြေစွမ်းကောင်းတွေ ပြန်ရအောင် ကူညီသင့်ပါတယ်။
ဒါကြောင့် ကျွန်တော်ကတော့ မက်ဂွိုင်းယားကို ခက်ခဲတဲ့ ပွဲကြီးတွေမှာ မသုံးဖို့ပဲ အကြံပေးချင်ပါတယ်” လို့ အကြံပေး တိုက်တွန်းခဲ့တာပါ။
crd