
လီဗာပူး နောက်ခံလူဟောင်း ဖြစ်သူ ဂျေမီကာရေဂါက မန်ယူနိုက်တက် အနေနဲ့ အဲရစ်တန်းဟတ်ကို
ခေါ်ယူဖို့ အတွက် လှုပ်ရှားခြင်းဟာ ရဲရင့်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ယုံကြည်နေပြီး အိုင်ယက် နည်းပြ အနေနဲ့
ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့တဲ့ အခါ ခရစ်စတီယာနိုရော်နယ်ဒို နဲ့ ပေါလ်ပေါ့ဘာ တို့ကို ရှင်းထုတ်ပစ်ရန် တိုက်တွန်း သွားခဲ့ပါတယ်။
ယူနိုက်တက် တာ၀န်ရှိသူတွေနဲ့ တန်းဟတ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ယူနိုက်တက်
နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုချိန်မှာ အိုင်ယက်နည်းပြဟာ အိုးထရပ်ဖို့ဒ်ကလပ်ရဲ့
နည်းပြ ဖြစ်လာရန် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ပိုချက်တီနို ကလည်း ထည့်သွင်းစဉ်းစားထားတဲ့
နည်းပြတွေထဲမှာ ပါ၀င်နေပေမယ့်လည်း ယူနိုက်တက် ကလပ်ရဲ့ လက်ရှိ အခြေအနေတွေ အရ
တန်းဟတ် ကသာ ဒီရာထူးအတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ကာရေဂါကလည်း ယူနိုက်တက်ရဲ့ ရွေးချယ်မှုကို ထောက်ခံသွားခဲ့ပေမယ့် ပေါ့ဘာနဲ့ ရော်နယ်ဒို
တို့ဟာ လာမည့် ရာသီ တန်းဟတ်ရဲ့ အသင်းမှာ မရှိသင့်တဲ့သူတွေ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ကာရေဂါက “ကျွန်တော်ကတော့ ဒါဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ ဒါဟာ မန်ချက်စတာ
ယူနိုက်တက် တာ၀န်ရှိသူတွေရဲ့ ရဲရင့်ဆုံး ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ လွယ်ကူတဲ့ ရွေးချယ်မှုဟာ
ပိုချက်တီနို ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူဟာ အရင်က ပရီးမီးယားလိဂ်မှာ နည်းပြ လုပ်ဖူးခဲ့တဲ့သူ
ဖြစ်လို့ပါ။ ဒါပေမယ့်လည်း သူတို့ဟာ ပရီးမီးယားလိဂ်မှာ နည်းပြ မလုပ်ဖူးခဲ့တဲ့ မန်နေဂျာကို ရွေးချယ်ခဲ့ပါတယ်။
သူတို့ဟာ မော်ရင်ညို လူး၀စ်ဗန်ဟား တို့လို နာမည်ကြီး နည်းပြတွေနောက် အမြဲတမ်း လိုက်လေ့ ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သူတို့ဟာ လွယ်ကူတဲ့ ရွေးချယ်မှု ဖြစ်တဲ့ အိုလီကို ခန့်အပ်ခဲ့ပါတယ်။ အိုလီကို ခန့်အပ်ခဲ့တာဟာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တော့
မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ယာယီနည်းပြ ဘ၀မှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့လို့ပါ။
ကျွန်တော် ဆိုလိုချင်တာကတော့ တန်းဟတ်ဟာ ဒီလို အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးသူ မဟုတ်ပါဘူး။
သူ့ကို နောက်တက်လာတဲ့ နည်းပြ တစ်ဦး အဖြစ် ယူဆနိုင်ပါတယ်။ သူဟာ အသစ်အသစ် နည်းပြ တစ်ဦးပါ။
ပိုချက်တီနို ကတော့ ဒီလို မဟုတ်ပါဘူး။ တကယ်တော့ တန်းဟတ်ဟာ ပိုချက်တီနို ထက်တော့ အသက်ကြီးပါတယ်။ ဒါကို လူတွေ သိပ်ပြီး သိကြဟန်တော့ မရှိပါဘူး။
သူဟာ အိုင်ယက်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကြောင့် ဒီရာထူး အတွက် ရွေးချယ်ခံရတယ်လို့ မထင်မိပါဘူး။
ဘာလို့လဲဆိုတော့ အိုင်ယက်ကို ကိုင်တွယ်ရင် ဒါမျိုး ဖြစ်လာမယ် ဆိုတာ မျှော်လင့်ထားပြီး ဖြစ်လို့ပါ။
ဒါပေမယ့် တန်းဟတ်ဟာ အိုင်ယက်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ ပို့ဆောင်ပေးခဲ့သလို လှပတဲ့
ကစားဟန်ကိုလည်း သွပ်သွင်းပေးခဲ့ပါတယ်။ ဒီရာသီ အုပ်စုအဆင့်မှာ သူတို့ရဲ့ စွမ်းဆောင်ရည် ကလည်း တအားကို ကောင်းခဲ့ပါတယ်။
သူတို့ ဘင်ဖီကာကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အတွက် စိတ်ပျက်နေမှာပါ။ ဒါပေမယ့် ဒါဟာ
ယူနိုက်တက်ရဲ့ ရဲရင့်တဲ့ ရွေးချယ်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မန်ယူနိုက်တက်ဟာ အခုချိန်မှာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေကို စတင် ချမှတ်သွားရတော့မှာ မို့လို့ပါ။
ကစားသမားတွေနဲ့ ပက်သက်တဲ့ ဒီလို ဆုံးဖြတ်ချက် တစ်ချို့လည်း လိုအပ်ပါတယ်။
ပေါ့ဘာ နဲ့ ခရစ်စတီယာနိုရော်နယ်ဒို တို့ကို ရှင်းထုတ်သွားဖို့ လိုအပ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
crd-SM