
နာမည်ကြီးအားကစားအစီစဉ်တင်ဆက်သူလည်းဖြစ်၊ ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ ပရိသတ်တစ်ဦးလည်းဖြစ်တဲ့
ပိးရက်စ် မော်ဂန်က ရိုနယ်ဒိုကို ယူနိုက်တက် အသင်းဖော် ကစားသမားဟောင်းဖြစ်သူ ဝိန်းရွန်းနီက
ဝေဖန်ပြောဆိုခဲ့ပြီးတဲ့နောက် အချက် သုံးချက်နဲ့ ရွန်းနီရဲ့ ပြောစကားတွေကို ချေပလာခဲ့ပါတယ်။
မန်ယူရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်သူ ရွန်းနီက ရိုနယ်ဒိုရဲ့ အိမ်ပြန်ခရီးဟာမန်ယူအတွက်
အကူအညီမဖြစ်စေခဲ့ကြောင်းဆိုခဲ့တာဖြစ်ပါတယ်။ နောက်ရာသီချန်ပီယံလိဂ်မှာ မန်ယူက ဝင်ရောက်ကစားရဖို့
သေချာမှုမရှိတော့တာကြောင့် ရိုနယ်ဒိုကို ဝိုင်းဝန်းလက်ညိုးထိုးနေခဲ့ကြပါတယ်။ ထိုထဲမှာ ရိုနယ်ဒိုနဲ့
တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော် ရွန်းနီလည်း ပါဝင်လာခဲ့ပြီး၊ အသင်းရဲ့ ကောင်းကျိုးအတွက်
ရိုနယ်ဒိုကို လာမယ့်နွေမှာ ရောင်းထုတ်ပြီး လူငယ်တွေကို နေရာပေးဖို့ရွန်းနီက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အခုလိုဝေဖန်မှုတွေ ဆက်တိုက်ခံနေရပေမယ့်၊ ရိုနယ်ဒိုဟာ မန်ယူရဲ့ ထိပ်တန်းဂိုးအများဆုံးသွင်းထားတဲ့
ကစားသမားဖြစ်နေပြီး၊ တော့တင်ဟန်ဟော့စပါးနဲ့ ပွဲက ဟတ်ထရစ်သွင်းဂိုးအပြင် အရေးပါတဲ့ဂိုးတွေကို ရယူပေးထားနိုင်ခဲ့ပါတယ်။
ထို့အတွက်ကြောင့် အဆိုပါကိန်းဂဏန်းတွေအပေါ် အခြေခံပြီး မော်ဂန်က သူ့ရဲ့ တွစ်တာစာမျက်နှာကနေ တဆင့်
ရွန်းနီရဲ့ ပြောစကားတွေကို အချက်သုံးချက်နဲ့ ချေပလိုက်ပါတယ်။ “ (၁) ရိုနယ်ဒိုက စုတ်ပြတ်နေတဲ့ ဒီလိုအသင်းမှာ
တစ်ရာသီအတွင်း ဂိုး ၂၀ သွင်းထားတယ်၊ သူ့ အသက်ကလည်း ၃၇ ရှိနေပြီ။ နောက်ဆုံးအကြိမ်တုန်းက
မန်ယူအတွက် ရွန်းနီက တစ်ရာသီအတွင်း ဂိုး ၂၀ သွင်းတဲ့အချိန်က၊ သူ့အသက်က ၂၇ ပဲ ရှိတယ်။ (၂) ရိုနယ်ဒိုဟာ အခုထိ ရွန်းနီထက် ကြံ့ခိုင်သန်မာနေဆဲဖြစ်တယ် ”
“ (၃) ဒီကမ္ဘာပေါ်မှာ ရိုနယ်ဒိုထက် အောင်မြင်မှုကို ပိုပြီးဆာလောင်တဲ့ ကစားသမားဆိုတာ မရှိဘူး ” ဆိုပြီး
ရေးသားက ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်တုန်းကတော့ ရိုနယ်ဒိုဟာ
လာမယ့်ဘောလုံးရာသီမှာလည်း မန်ယူမှာပဲ ဆက်ရှိသွားမယ်ဆိုပြီး ကောလဟာလသတင်းမျိုးတွေ
ထွက်ထားပေမယ့်၊ ရိုနယ်ဒိုကို အခုလိုအသင်းဖော်ဟောင်းကပါ မန်ယူက ထွက်သွားဖို့ ပြောနေတာကြောင့်
နောက်ရာသီမှာ ရိုနယ်ဒိုကို မန်ယူအင်္ကျီနဲ့ မြင်ရနိုင်မလားဆိုတာတော့ မသေချာမရေရာသေးတာ ဖြစ်ပါတယ်။crd