နှစ်ယောက်လုံးနဲ့ တွဲကစားဖူးပြီး ရော်နယ်ဒိုနဲ့မက်စီရဲ့အဓိကကွာခြားချက်ကိုပြောပြလာတဲ့ တီဗက်ဇ်

ဘောလုံးလောကရဲ့ စူပါ စတား ၂ယောက် ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ သူတို့ရဲ့ ကစားသမားဘဝ နေဝင်ချိန်ကို နီးကပ်လာခဲ့ပြီ ဖြစ်ပြီး သက်ဆိုင်ရာ ကလပ်တွေမှာ အရင်လို မတောက်ပနိုင်တော့တဲ့ အနေထား တခုကို ​ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။တချိန်က ဘောလုံးလောကရဲ့ စင်မြင့်တွေကို အပြိုင်အဆ်ိုင် ထိန်းသိမ်းခဲ့တဲ့ စူပါ စတား ၂ယောက် အတွက် ဘယ်သူ ပိုကောင်းတယ် ဆိုတဲ့ မေးခွန်း မကြာခဏ ငြင်းခုံရလေ့ ရှိပါတယ်။




ဒါပေမယ့် သူတို့ ၂ယောက်လုံးနဲ့ အတူ တွဲကစားခဲ့ဖူးတဲ့ ကားလို့စ်တီဗက်ဇ်က မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ ပိုကောင်းလဲ ဆိုတာထက် ဒီ ကစားသမား ၂ယောက်ဟာ လုံးဝကို အသွင်မတူတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။တီဗက်ဇ်က သူ့ရဲ့ အသင်းဖော်ဟောင်း နှစ်ဦးကြားမှာ အဓိက ကွာခြားချက်တခုကို ထောက်ပြ ခဲ့တာပါ။ ပေါ်တူဂီသား တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရပြီး၊ မက်ဆီကတော့ သဘာဝအတိုင်း မှော်ဆန်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ တီဗက်ဇ်က အခုလို ပြောခဲ့တာပါ။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ လုံးဝ ကွဲပြားခြားနားတဲ့ ကစားသမား နှစ်ဦးပါ။ လီယိုက နေ့တနေ့ စတင်ပြီဆိုတာနဲ့ လေ့ကျင့်ရေးခန်းမကို သွားတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ခရစ္စတီယာနိုကတော့ တနေကုန်နီးပါး အဲလိုနေရာမျိုးမှာ ရှိနေပြီး၊ လေ့ကျင့်နေတတ်တဲ့ သူမျိုးပါ။”“ခရစ္စတီယာနိုဟာ အကောင်းဆုံး ကစားသမား ဖြစ်လာအောင် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် လေ့ကျင့် ပြင်ဆင်ပြီး၊ လီယိုကတော့ ပင်ကိုယ်ပါရမီ စွမ်းရည်ကြောင့် အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။ အဲဒီအချက်က ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦးကြားက အကြီးမားဆုံး ကွာခြားချက်တခုပါပဲ။”




“မက်ဆီက ဘောလုံး တခုတည်း မဟုတ်ပဲ အခြား ကစားနည်းတွေကိုလည်း ကစားလေ့ရှိပါတယ်။ မက်ဆီ အတွက် တပွဲကို သုံးဂိုးလောက် သွင်းနိုင်ဖို့ဆိုတာ အရမ်းကြီး ကြိုးစားနေစရာ မလိုပါဘူး၊ သူက ပုံမှန် ကစားရင်းနဲ့ကို အဲလိုမျိုး လုပ်ပြနိုင်စွမ်းရှိတဲ့ ကစားသမားပါ။” လို့ တီဗက်က ဆိုပါတယ်။ကားလို့စ်တီဗက်ဇ်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ရော်နယ်လ်ဒို၊ မက်ဆီတို့ နှစ်ဦးစလုံးနဲ့ အကြိမ်ပေါင်းများစွာ တွဲကစားခွင့် ရခဲ့တာကြောင့်၊ သူ့ရဲ့ မှတ်ချက်တွေဟာ ဒီကစားသမား နှစ်ဦးကြားမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုတဲ့ ဆွေးနွှေး ငြင်းခုံမှုတွေ အတွက် ကောင်းမွန်တဲ့ မှတ်ချက်တွေလို့ ဆိုရမှာပါ။




အဆိုပါ မန်စီးတီး တိုက်စစ်မှူးဟောင်းဟာ ရော်နယ်လ်ဒိုနဲ့အတူ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နှစ်နှစ်ကြာ တွဲကစားခဲ့ပြီး၊ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာလည်း မက်ဆီနဲ့အတူ တွဲကစားခဲ့ဖူးတဲ့ ကစားသမား ဖြစ်ပါတယ်။အသက် ၃၈နှစ်အရွယ် ရှိပြီဖြစ်တဲ့ တီဗက်ဇ်ဟာ ဂျူဗင်တပ်စ် အသင်းမှာ ကစားခဲ့စဉ်က ရော်နယ်လ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ဂိုးနဲ့ အနိုင်ယူခဲ့ဖူးပြီး၊ ဗိုလ်လုပွဲမှာတော့ မက်ဆီရဲ့ ဘာစီလိုနာ အသင်းကို ၃-၁ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။




လက်ရှိ အခြေအနေတွေအရ လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ ၇ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ရရှိခဲ့ပြီးနောက်၊ ထာဝရ အကောင်းဆုံး ကစားသမား ဘယ်သူ ဖြစ်မလဲဆိုတဲ့ ဆွေးနွှေး ငြင်းခုံမှုတွေမှာ သူ့ရဲ့ မဟာပြိုင်ဘက် ရော်နယ်လ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့တာ သိသာ ထင်ရှားနေပါတယ်။အသက် ၃၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၁၃လအတွင်းမှာ လက်ရွေးစင် အသင်းအတွက် အဓိက ဆုဖလား နှစ်ခုဖြစ်တဲ့ ကိုပါအမေရိက ချန်ပီယံဆုနဲ့ ယူရိုချန်ပီယံ အီတလီ အသင်းကို အနိုင်ယူကာ Finalissima ချန်ပီယံဆုတို့ ဆွတ်ခူး နိုင်ခဲ့ပါတယ်။




ထို့အတူပဲ ရော်နယ်လ်ဒိုဟာလည်း နိုင်ငံတကာ ဘောလုံး သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေပြီး၊ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းမှာလည်း မက်ဆီထက် ၁၆ဂိုးအသာနဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

crd

Leave a Reply

Your email address will not be published.