မနေ့ညကပွဲမှာ ရော်နယ်ဒိုရဲ့လုပ်ရပ်တစ်ခုကို လေးစားမှုကင်းမဲ့လွန်းတယ်လို့ ပေါက်ကွဲခဲ့ကြတဲ့ ပရိတ်သတ်များ

ကလပ်ကနေထွက်ခွာချင်နေတဲ့ ခရစ်စတီယာနိုရော်နယ်လ်ဒိုဟာ မန်ယူတို့ရဲ့ရာသီကြိုနောက်ဆုံးပွဲဖြစ်တဲ့ အိုးထရက်ဖို့ဒ်က ရားယိုးဗာယယ်ကန်းနိုနဲ့ပွဲမှာ ပထမပိုင်း ၄၅ မိနစ်ပဲကစားခွင့်ရခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။ ပွဲကလည်း ၁-၁ နဲ့သရေကျခဲ့ပါတယ်။ပြိုင်ဆိုင်မှုပါဝင်တဲ့ပွဲမဟုတ်ပေမဲ့ ဒီပွဲဟာ အဲရစ်တန်ဟဂ်အတွက် ပထမဆုံးအိမ်ကွင်းပွဲဖြစ်ပြီး ပေါင် ၅၅ သန်းခေါ်ယူမှုဖြစ်တဲ့ လစ်ဆန်ဒရိုမာတီနက်စ်ကိုလည်း ပွဲဦးထွက်ပေးခဲ့သလို အလွတ်နဲ့ခေါ်ထားတဲ့ ခရစ်စတီယန်အဲရစ်ဆင်ကိုလည်း ပထမပွဲထွက်လူစာရင်းထဲထည့်ခဲ့ပါတယ်။




ဒါပေမဲ့ အားလုံးရဲ့အာရုံစိုက်မှုတွေက ရော်နယ်လ်ဒိုပေါ်မှာပဲအများဆုံးရှိနေခဲ့ပြီး ရာသီသစ်ပြင်ဆင်မှုအတွက် နောက်ဆုံးပိတ်ပွဲရလဒ်က မန်ယူတို့ဘက်မှာရှိမနေခဲ့ပါဘူး။ ရာသီသစ်အစက နောက်တပတ်ပိတ်ရက်ဖြစ်ပြီး ဘရိုက်တန်တို့နဲ့ကန်ရမှာဖြစ်ပါတယ်။ပထမပိုင်းနားချိန်မှာ ရော်နယ်လ်ဒိုနဲ့လူစားလဲလိုက်တဲ့ အာမက်ဒိုင်ယယ်လိုက တဘက်ဂိုးသမားအမှားကိုအခွင့်ကောင်းယူပြီး အနီးကပ်အဆုံးသတ်နဲ့ ဒုတိယပိုင်းစပြီး ၂ မိနစ်မှာတင် အဖွင့်ဂိုးသွင်းပြီး ယူနိုက်တက်တို့ကို ၁-၀ ဦးဆောင်မှုပေးခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်တနာရီမပြည့်ခင်မှာပဲ အယ်လ်ဗားရိုးဂါဆီယာက tap in တလုံးသွင်းပြီး ဂိုးလယ်ဗယ်ပြန်ဖြစ်သွားခဲ့ကာ နှစ်ဘက်လုံးမှာ ပြတ်သားတဲ့အခွင့်အရေးတွေမရခဲ့ဘဲ ပွဲက ဒီအတိုင်းပြီးသွားခဲ့ပါတယ်။ရော်နယ်လ်ဒိုဟာ မန်ယူတို့ရဲ့ရာသီကြိုလေ့ကျင့်ရေးရော ရာသီကြိုနယ်လှည့်ခရီးတခုလုံးကိုပါ လွဲချော်ခဲ့တာဖြစ်ပြီး ဒီနေ့ပွဲဟာ မေလ၊ ဘရိုက်တန်တို့ကိုရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပြီးနောက် ကလပ်အတွက် သူ့ရဲ့ပထမဆုံးအက်ရှင်ဖြစ်ပါတယ်။ သောကြာနေ့တုန်းကတော့ ရာသီကြိုလက်ကျန်နှစ်ပွဲမှာ သူမပါတော့ဘူးလို့ရေးထားတဲ့ ဖန်ပေ့ချ်တခုရဲ့ပို့စ်အောက်မှာ




“တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်။” လို့ ရော်နယ်လ်ဒိုက ကောမန့်ရေးတုံ့ပြန်ခဲ့ပြီး ဒီနေ့ပွဲမှာ သူပါမယ့်အကြောင်း ကြိုတင်သတင်းပေးခဲ့တာပါ။ ဒါပေမဲ့လည်း ဘုရင်ကြီးက တနင်္ဂနွေနေ့မှာ ၄၅ မိနစ်ပဲကစားခဲ့သလို ပရိသတ်တွေအံ့အားသင့် ပေါက်ကွဲခဲ့ရတဲ့လုပ်ရပ်တခုကိုလည်း လုပ်ခဲ့ပါသေးတယ်။ပွဲမစခင် ကနဦးမှာ ကစားသမားတွေ သွေးပူလေ့ကျင့်ခန်းထွက်လုပ်တဲ့အခါ ပရိသတ်များရဲ့ နွေးထွေးစွာကြိုဆိုခြင်းကို ရော်နယ်လ်ဒိုရရှိခဲ့ပြီး ကွင်းထဲမှာ စောရောက်နေကြတဲ့ပရိသတ်တွေကို ရော်နယ်လ်ဒိုက အသိအမှတ်ပြုတဲ့အနေနဲ့ ပြန်လည်လက်ခုပ်တီးဂုဏ်ပြုပေးခဲ့ပါသေးတယ်။




ဒါပေမဲ့ ပွဲမစခင်နာရီဝက်အလို ပွဲထွက် ၁၁ ယောက်လူစာရင်းကို ကြေညာတဲ့အခါမှာတော့ တုံပြန်မှုက ရောထွေးနေခဲ့ပါတယ်။ အားပေးကြိုဆိုတဲ့အသံတွေက ဘူးမှုတ်လှောင်ပြောင်ကြတဲ့အသံတွေကို ကွယ်ပျောက်သွားဖို့ လုံလောက်အောင်မကျယ်လောင်နိုင်ခဲ့ကြတော့ပါဘူး။ဒီ့နောက်မှာတော့ ပရိသတ်တွေ ပိုပေါက်ကွဲစရာဖြစ်စေခဲ့တာကတော့ ပထမပိုင်းနားချိန်မှာလူစားလဲခံရတဲ့ရော်နယ်လ်ဒိုဟာ ပွဲမပြီးခင်မှာပဲ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့တယ်ဆိုတာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ခြေစမ်းပွဲ ၇ပွဲမှာ နောက်ဆုံးပွဲဖြစ်တဲ့ ဗယ်ကာနိုနဲ့ပွဲတစ်ပွဲသာ၀င်ကစားတဲ့ ရော်နယ်ဒိုကတော့ ပထမပိုင်းမှာ ဘောလုံး၅ကြိမ်သာထိခဲ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတစ်ကြိမ်သာလုပ်နိုင်ကာ ဒုတိယပိုင်းအစမှာတင်လူစားလဲခံလိုက်ရပါတယ်။




ပွဲကကန်နေဆဲအချိန် ကွင်းပြင်ပမှာ ရော်နယ်လ်ဒိုနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံနှစ်ပုံကို မန်ယူဖန်တယောက်ကတင်ထားခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ပွဲမပြီးခင်ထွက်ခွာလာခဲ့တယ်လို့ ဖော်ထုတ်ထားတာဖြစ်ပါတယ်။“အခုတော့ ဘုရင်ကြီးသွားပြီပေါ့။” လို့ ငိုနေတဲ့အီမိုဂျီလေးနဲ့ ဖန်တဦးက ရေးသားထားပါတယ်။ ဒါပေမဲ့ ဒီလိုဝမ်းနည်းမှုနဲ့တုံပြန်တဲ့ဖန်က သိပ်မများလှပါဘူး။ အများစုက ဒေါသထွက်ပေါက်ကွဲခဲ့ကြတာပါ။




“ဒီလူဖော်ပြတဲ့ မလေးစားမှုကလေ၊ ပေါ့ဘာတောင် ဒီလောက်အလေးစားမတန်ခဲ့ဘူး။”“ခရစ်စတီယာနိုဆီက ဒီလိုပုံစံတခုက ဘယ်လောက်တောင်အရုပ်ဆိုးလိုက်သလဲဆိုတာ ဖော်တောင်မဖော်ပြနိုင်ဘူး၊ ပရော်ဖက်ရှင်နယ်လစ်ဇင်အရရော ဒီနေ့ကစားခဲ့ကြတဲ့လူငယ်ကစားသမားတွေအားလုံးအတွက် ဥပမာအနေနဲ့ရော နှစ်ခုလုံးအတွက်ပေါ့။ မင်းဘယ်သူလဲ ဂရုမစိုက်နိုင်ဘူး၊ အမှိုက်ပုံးထဲကိုသွား။”စသဖြင့် မန်ယူပရိသတ်များက တုံ့ပြန်ခဲ့ကြပါတယ်။ တလွဲတချော်ကျပုံကတော့ ရော်နယ်လ်ဒိုကသာ အသင်းကထွက်ခွာဖို့ အမျိုးစုံတွန်းအားပေးနေပေမဲ့ ယူနိုက်တက်တို့ကတော့ ပွဲမစခင် ကွင်းထဲကို ရော်နယ်လ်ဒိုဝင်လာတဲ့ရုပ်သံဖိုင်နဲ့အတူ “ခရစ်စတီယာနို အိုးထရက်ဖို့ဒ်သို့ ရောက်ရှိလာခြင်း” ဆိုပြီး တွစ်တာမှာတင်ခဲ့ကြပါတယ်။

crd

Leave a Reply

Your email address will not be published.