တန်ဟန်ရဲ့လက်အောက်မှာ တိုးတက်လာတဲ့အချက်များ၃ချက်နဲ့ ခုထိမတိုးတက်သေးတဲ့ ကစားသမား ၂ယောက်

အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ယူနိုက်တက် တို့ ရှုံးပွဲ စတွေ့ သွားခဲ့ ပါပြီ ။ မနှစ်တုန်းက ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ ယူနိုက်တက် ကို နောက်ကောက်ချ ခဲ့တဲ့ ဒီယေဂို ဆီးမြွန်းနီ ရဲ့ အက်သလက်တီကို မက်ဒရစ် ဟာ အခု ရာသီကြို ခြေစမ်းပွဲမှာလည်း ယူနိုက်တက် ကို အနိုင် ကစားခဲ့ ပါတယ် ။ဒီတပွဲမှာတော့ ယူနိုက်တက် က ကစားပုံ ပိုကောင်းခဲ့ ပေမယ့် ရလဒ်ကတော့ မပြောင်းလဲခဲ့ ပါဘူး ။တန်ဟတ် ဟာ ရာသီသစ် အတွက် ပြင်ဆင် ထားတဲ့ ၊ လက်ရှိ အသင်းသားတွေ ထဲက အကောင်းဆုံးလို့ သူယူဆ ထားတဲ့ လူစာရင်းကို ထုတ်ကစားခဲ့ ပါတယ် ။ ညာတောင်ပံ မှာ ဆန်ချို နေမကောင်းလို့ မပါနိုင်တာက လွဲရင် ကျန်တဲ့ ကစားသမားတွေက ရာသီသစ် ကို စဖွင့်မယ့် လူစာရင်းပါပဲ ။ဒီလူစာရင်းမှာ ကောင်းကွက်ရော ဆိုးကွက်ပါ ရှိနေပါတယ် ။ကောင်းတဲ့ အပိုင်းကို ပြောရမယ်ဆိုရင်တော့ ခံစစ်တိုးတက်လာတာ ၊ ဖိအားပေး ကစားပုံကောင်းလာတာ ၊ အရန်အင်အား တောင့်တင်း လာတာတွေပါပဲ ။အခုထိ အားနည်းနေသေးတာ ကတော့ တိုက်စစ်ရဲ့ အဆုံးသတ်ပိုင်း နဲ့ ပွဲထွက် ကစားသမား အချို့ရဲ့ ပုံစံကောင်း မရနိုင်သေးမှုတွေ လို့ပဲ ဆိုရမှာပါ ။တချက်ချင်း ပြန်သုံးသပ်ကြည့်ကြရအောင်

၁။တိုးတက်လာတဲ့ ခံစစ်ပြီးခဲ့တဲ့ ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် ရဲ့ ခံစစ်ဟာ အတော်လေးကို စိတ်ပျက်စရာ ဖြစ်ခဲ့ရ ပါတယ် ။ အခု နွေရာသီမှာတော့ တန်ဟတ် လက်အောက်မှာ ဒီကဏ္ဍ တိုးတက်မှု ရှိခဲ့ ပါတယ် ။မနှစ်တုန်းက အဓိက ပြဿနာလို့ သတ်မှတ် ခံခဲ့ရတဲ့ ဟယ်ရီ မက်ဂွဲယား ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ တိုးတက်မှုတွေ ပြသလာနိုင်ခဲ့ပြီး လင်ဒီလော့ဖ် နဲ့ တွဲကာ ခံစစ်မှာ ပုံစံကောင်းတွေ ပြသပေးခဲ့ ပါတယ် ။အက်သလက်တီကို မက်ဒရစ်လို ခံစစ် ကစားပုံကောင်းပြီး မာကျောတဲ့ အသင်းမျိုးနဲ့ ပွဲမှာတောင် ယူနိုက်တက် ရဲ့ ခံစစ် အချက်အလက်တွေက စပိန်ကလပ်ထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့ ပါတယ် ။ဘောလုံး ရင်ဆိုင်လုယူအောင်မြင်မှု ( ၆၃-၄၃ ) ၊ အမြင့်ဘော လုယူအောင်မြင်မှု ( ၁၆-၅ ) ၊ လျောထိုး ဖျက်ထုတ်မှု ( ၂၆-၁၄ ) ၊ ဖြတ်တောက်လုယူမှု ( ၁၄-၁၃ ) ၊ ရှင်းထုတ်မှု ( ၁၄-၁၀ ) ဆိုတဲ့ အချက်အလက်တွေ က ယူနိုက်တက် ရဲ့ ခံစစ် ကစားပုံ ကောင်းမွန်လာမှုတွေကို ပြသနေခဲ့တာပါပဲ ။

၂။ဖိအားပေးလုယူမှုရပ်ဖ်ရန်းနစ် ရောက်လာတုန်းက ယူနိုက်တက် ဟာ လီဗာပူး ၊ မန်စီးတီး တို့လိုမျိုး ဖိအား ပြင်းပြင်းပေးပြီး ကစားမယ့် ပုံစံကို ကူးပြောင်းမယ်လို့ ထင်ခဲ့ကြဖူးပါတယ် ။တကယ်လည်း ရန်းနစ် က သူ့ရဲ့ ဘောလုံး အယူအဆကို ယူနိုက်တက်မှာ သွတ်သွင်းခဲ့ပါတယ် ။ ဒါပေမယ့် အသင်းသားတွေက နည်းစနစ်သစ် ၊ ဗျူဟာသစ် နဲ့ အသားမကျခဲ့ဘဲ ဖိအားပေး လုယူတာမျိုးနဲ့ မတူဘဲ ဘောလုံးနောက်ကို လျောက်ပြေးလိုက်နေသလိုမျိုးနဲ့ ပိုတူနေခဲ့ ပါတယ် ။တန်ဟတ် လက်ထက်မှာတော့ ဖိအားပေးတဲ့ ပုံစံ ပိုကောင်းလာခဲ့တာကို အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲမှာ ပိုပြီး မြင်သာစေခဲ့ ပါတယ် ။ပြိုင်ဘက် ကစားသမား ဘောလုံးရသွားချိန် မှာ အနည်းဆုံး ၂ ယောက်လောက် ဝိုင်းဝန်းပိတ်ဆို့ ထားနိုင်ပြီး ရှေ့က လူတွေကလည်း နောက်ကို ပြန်ဆင်းပြီး ဖိအား လိုက်ပေးနိုင်ခဲ့တာကို တွေ့ခဲ့ရ ပါတယ် ။ဒါကြောင့် ပြိုင်ဘက် ခြေထဲကနေ ဘောလုံးပြန်လုယူ နိုင်မှုတွေ ရှိခဲ့ပြီး ဒါဟာလည်း သိသာတဲ့ တိုးတက်မှု တခုလို့ ဆိုရမှာပါ

၃။အရန်အင်အား တောင့်တင်းလာမှုအဲရစ်ဆင် ၊ မာလာစီယာ တို့ ရောက်ရှိလာမှု ဟာ ယူနိုက်တက် ရဲ့ Squad Depth ကို ပိုမို တောင့်တင်း သွားစေခဲ့ ပါတယ် ။လက်ရှိ နွေရာသီမှာ ယူနိုက်တက် ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ ပွဲထွက် အသင်းသားတွေကို အလဲထိုး အပြုတ်ဖြုတ်မယ့် သူမျိုးတွေ မဟုတ်ဘဲ ပွဲထွက်ခွင့် ရတဲ့ သူတွေနဲ့ ခြေစွမ်းချင်း မတိမ်းမယိမ်း ရှိတဲ့ သူတွေ ဖြစ်ခဲ့ ပါတယ် ။မာလာစီယာ ဆိုရင်လည်း ရှော နဲ့ အရည်အသွေး သိပ်မကွာဘဲ ၂ ယောက်စလုံးမှာ အားသာချက် ကိုယ်စီ ရှိကြပါတယ် ။ တန်ဟတ် ကတော့ မာလာစီယာ ကို ပိုသုံးဖို့ ရှိပေမယ့် ရှော ကို ပြောင်းသုံးတဲ့ အခါမျိုးမှာလည်း မာလာစီယာ နဲ့ သိပ်ပြီး ကွဲပြားမှု မရှိတဲ့ အနေအထားကို ပိုင်ဆိုင် နိုင်မှာပါ ။အဲရစ်ဆင် ကတော့ ဖာနန်ဒက်စ် ရဲ့ ဝန်ကို လျော့ပေးနိုင်မယ့် အကောင်းဆုံး အရန်လူ ပါပဲ ။အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ပါဝင်ဖူးတဲ့ ဝါရင့် ကွင်းလယ်လူ တယောက် ပီပီ အဲရစ်ဆင် ဟာ ကွင်းလယ် တိုက်စစ်မှာရော ကွင်းလယ် အထိုင်မှာပါ ကစားနိုင်တာကို အက်သလက်တီကို နဲ့ ပွဲမှာ မြင်တွေ့ခဲ့ရ ပါတယ် ။အဲရစ်ဆင် ဝင်လာ အပြီးမှာ ယူနိုက်တက် ရဲ့ ဘောလုံး လမ်းကြောင်းထုတ်မှုတွေ ၊ ဖန်တီးမှုတွေ ပိုကောင်းလာခဲ့တာ ကလည်း ငြင်းလို့ မရနိုင်ပါဘူး ။

၄။အဆုံးသတ် အားနည်းမှုယူနိုက်တက် ဟာ အက်သလက်တီကို မက်ဒရစ် ဘက်ကို ၁၃ ကြိမ် ကန်သွင်းခဲ့ ပါတယ် ။ ၄ ကြိမ် ဂိုးပေါက်တည့် ၊ ၅ ကြိမ် ဘေးထွက်ပြီး ၄ ကြိမ်က Block လုပ်ခံခဲ့ရ ပါတယ် ။ တဂိုးမှ မရခဲ့ပါဘူး ။ဒီလိုမျိုး ခြေရည်တူ အသင်းချင်း ကစားတဲ့ ပွဲမျိုးမှာ အဆုံးသတ် ပိုင်နိုင် ကောင်းမွန်သူ ရှိနေဖို့က အရေးကြီးခဲ့ ပါတယ် ။ဟယ်ရီ မက်ဂွဲယား ရဲ့ ခေါင်းတိုက်ချက် ၊ အီလန်ဂါ ရဲ့ ကန်သွင်းခွင့်တွေဟာ ယူနိုက်တက် အတွက် နှမြောစရာ ကောင်းခဲ့တဲ့ အခွင့်ကောင်းတွေပါပဲ ။အက်သလက်တီကို မက်ဒရစ် ဘက်က ယူနိုက်တက် ကို ဂိုးပေါက် ၂ ကြိမ်သာ တည့်ခဲ့ပြီး ၁ ဂိုး ရသွားခဲ့ပါတယ် ။ ဂျာအိုဖိလစ် ဟာ ယူနိုက်တက် တို့ ဒီလို ကစားသမားမျိုး လိုအပ် နေတယ်ဆိုတာကို သွင်းဂိုးနဲ့ ပြသ သွားခဲ့တာပါ ။ရက်ဖိုဒ့် ၊ မာစီရယ် ၊ အီလန်ဂါ ၊ ဆန်ချို တို့ရဲ့ တိုက်စစ်က သွက်လက် ထက်မြက်ကောင်း ထက်မြက် နိုင်ပါတယ် ။ ဒါပေမယ့် အဆုံးသတ်ကောင်းမွန်မှု ဆိုတာ မပါခဲ့ရင်တော့ ဆားမပါတဲ့ ဟင်းတခွက်လိုပဲ ဖြစ်နေဦးမှာပါ ။

၅။ပုံစံကောင်း မရသေးတဲ့ ပွဲထွက် ကစားသမားများပထမဆုံး ပြောချင်တဲ့ သူကတော့ ဘရူနို ဖာနန်ဒက်စ် ပါပဲ ။မနှစ်တုန်းက မက်ဂွဲယား ရဲ့ နုံချာမှုတွေကြောင့် ဝေဖန် ခံရသင့်သလောက် မခံရခဲ့ပေမယ့် ဖာနန်ဒက်စ် ဟာလည်း ခြေစွမ်းကျဆင်းတဲ့ ကစားသမားတွေထဲမှာ ပါခဲ့ပါတယ် ။မက်ဂွဲယား က အခု နွေရာသီမှာ တိုးတက်မှုတွေ ပြလာခဲ့ပေမယ့် ဖာနန်ဒက်စ် ကတော့ ဒုံရင်း က ဒုံရင်း ဖြစ်နေဆဲပါပဲ ။ အဲရစ်ဆင် ကို ခေါ်ယူ ထားတာဟာ တကယ်မှန်ကန်တဲ့ လုပ်ရပ် ဖြစ်လာတော့မှာပါ ။တော်မီနေး ကလည်း အားကိုးလို့မရပါဘူး ၊ ဖရက်ဒ် ကတော့ တိုးတက်လာပါတယ် ။ တကယ်လို့ သူ့ရဲ့ တာဝန်ကိုသာ လွတ်လွတ်လပ်လပ် လုပ်ခွင့် ရနိုင်မယ့် ကွင်းလယ်အဖော်သစ် ရလာခဲ့မယ်ဆိုရင် ဖရက်ဒ် က အခုထက် ပိုကောင်းအောင် ကစားနိုင်ချေ ရှိပါတယ် ။

တော်မီနေး ရဲ့ နေရာအတွက် ကိုတော့ တန်ဟတ် သေချာပေါက် အစားထိုးရမှာပါ ။အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲက ပုံစံကောင်း အပြနိုင်ဆုံး ၁၀ ယောက်ထဲမှာ ယူနိုက်တက် က ၆ ယောက်အထိ ပါခဲ့ ပါတယ် ။ ပုံစံကောင်း မပြနိုင်ဆုံးထဲမှာလည်း ရက်ဖိုဒ့် ၊ မာစီရယ် နဲ့ ဖာနန်ဒက်စ် တို့ ပါခဲ့ကြပါတယ် ။အီလန်ဂါ က တိုးတက်ဖို့ လိုအပ်နေသေးတာ ဖြစ်ပြီး မာစီရယ် နဲ့ ရက်ဖိုဒ့် တို့ကတော့ လမ်းမှန်ပေါ် ပြန်ရောက်ဖို့ လိုအပ် နေကြသေးတာပါ ။အချုပ်ဆိုရရင်တော့ အဲရစ် တန်ဟတ် လက်အောက်မှာ ယူနိုက်တက် တို့ တိုးတက်တဲ့ အပိုင်းတွေ ရှိလာခဲ့ ပါတယ် ။ ဒါဟာ ကျေနပ်စရာပါ ။ ဒါပေမယ့် ဒီ တိုးတက်မှုတွေဟာ အသင်းရဲ့ ရည်မှန်းချက်တွေကို ဆုပ်ကိုင် မိလောက်တဲ့ အထိတော့ လုံလောက်မှု မရှိနေသေးတာကတော့ အားမရစရာ ပါပဲ ။အပြောင်းအရွှေ့ လက်ကျန် ရက်တွေမှာ လူသစ်တွေ ထပ်ခေါ်ဖို့ လိုအပ်နေသေးသလို ဖာနန်ဒက်စ် ၊ ရက်ဖိုဒ့် တို့ကိုလည်း ပုံစံကောင်းတွေ ပြန်ရအောင် လုပ်ပေးဖို့ လိုအပ် နေပါသေးတယ် ။လက်ရှိ အခြေအနေ အရတော့ အများကြီး မျှော်လင့်ထားလို့ မရနိုင်သေးတာ အသေအချာပါပဲ . . . . . ။

crd

Leave a Reply

Your email address will not be published.