ရော်နယ်ဒိုမရှိရင် အသင်းကပိုကောင်းတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ကြတဲ့ ဖာနန်ဒတ်စ်နဲ့ ဗာရန်း

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သူ့ကို တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားအောင် ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီးနောက် ရော်နယ်လ်ဒိုနဲ့ တွဲကစားရတဲ့ သူ့ရဲ့ ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း ပြောသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၃၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဒီပွဲမှာ ဂျေဒန်ဆန်ချို၊ မားကပ်စ် ရပ်ခ်ျဖို့ဒ်နဲ့ အန်သိုနီ မာရှယ်တို့ဟာ ပြိုင်ဘက် နောက်ခံလူတွေကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

ဒီတိုက်စစ်မှူး သုံးဦးရဲ့ ကစားပုံကြောင့် ကွင်းလယ်မှာ ကစားရတာ ပိုကောင်းခဲ့တယ်လို့ ဘရူနို ဖာနန်ဒက်စ်က ချီးကျူးလိုက်ပြီး၊ သူ့ရဲ့ ချီးကျူးမှုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တိုက်စစ်မှာ ဖိအားပေး ကစားနိုင်ခြင်း မရှိခဲ့တဲ့ ရော်နယ်လ်ဒို အပေါ် ဝေဖန်တယ်လို့ အဓိပ္ပါယ် သက်ရောက်စေခဲ့ပါတယ်။ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ်က ရာသီကြို ခြေစမ်းပွဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ချီးကျူးခဲ့တာက ရော်နယ်လ်ဒိုရဲ့ ကစားပုံနဲ့ မသက်ဆိုင်ကြောင်း စကိုင်းစပေါ့တ် သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပြီး၊ ရော်နယ်လ်ဒိုနဲ့ တွဲကစားရတာ ပြဿနာမရှိဘူးလို့ အခုလို ဖြေရှင်းသွားခဲ့ပါတယ်။“ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပါပဲ၊ ကျွန်တော်က ရပ်တည်မှုက အသင်းရဲ့ တိုက်စစ်မှူးတွေ အဆင်ပြေပြေ ကစားနိုင်အောင် ကူညီပေးဖို့ပါ။ ခရစ္စတီယာနို ရောက်လာတုန်းက ကျွန်တော်တို့ဟာ အံ့ဩစရာကောင်းတဲ့ ဘောလုံးရာသီ အစပိုင်းကို ပိုင်ဆိုင်နိုင်ခဲ့တယ်လို့ ထင်မိပါတယ်။”




“အဲဒီနောက်မှာတော့ ကျွန်တော် ခရစ္စတီယာနိုနဲ့ အတူတွဲ ကစားရင်း ဂိုးတွေ အများကြီး သွင်းယူ နိုင်ခဲ့တယ်လေ။ ကျွန်တော့် အထင်တော့ ကျွန်တော် သွင်းယူခဲ့တဲ့ ဂိုးတွေ အားလုံးဟာ ခရစ္စတီယာနိုနဲ့ တွဲကစားရာကနေ ရလာခဲ့တာပါ။”“အဲဒါကြောင့် သူနဲ့ တွဲကစားရတာက ကျွန်တော့် အတွက် လုံးဝ ပြဿနာ မရှိပါဘူး။ ကျွန်တော်က သူနဲ့အတူ လက်ရွေးစင် အသင်းမှာလည်း တွဲကစားခဲ့ဖူးတဲ့ ကစားသမား တယောက်ဖြစ်ပြီး၊ သူ့ရဲ့ ဖန်တီးပေးပို့မှု တခုနဲ့တောင် ကျွန်တော်တို့ ယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်ခဲ့ဖူးတယ်လေ။




“အဲဒါကြောင့် ကျွန်တော် ရော်နယ်လ်ဒိုနဲ့ တွဲကစားရတာ ဘယ်တော့မှ ပြဿနာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်မှ မဟုတ်ပါဘူး၊ သူ့လို ကမ္ဘာ့အဆင့် ကစားသမား တယောက်ဟာ အချိန်တိုင်း နေရာတိုင်းမှာ အသင်းဖော်တိုင်းနဲ့ လိုက်လျောညီထွေ ကစားနိုင်ပါတယ်။”“ကျွန်တော် ဒီအသင်းကို ရောက်လာတာဟာ အသင်းဖော် တိုက်စစ်မှူးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုက်စစ်မှာ ကစားနိုင်အောင် ကူညီပေးဖို့ ဖြစ်ပြီး၊ ပွဲအတွင်းမှာ သူတို့အတွက် ဖန်တီး ပေးပို့မှုတွေ ပြုလုပ်ပေးဖို့ပါ။”




“အဲဒါတွေက ကွင်းလယ် ကစားသမား တယောက်ရဲ့ အလုပ်တွေပဲလေ။ သူတို့တွေ ဂိုးတွေသွင်းပြီး၊ စံချိန်ကောင်းတွေ ရသွားခဲ့ရင် ကျွန်တော် သူတို့အတွက် ပျော်မိမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သွင်းဂိုးတွေက အသင်းရဲ့ ရလဒ်တွေကို ပိုကောင်းလာစေနိုင်တာပဲလေ။”ဖာနန်ဒက်စ်ရဲ့ မှတ်ချက်ပေးမှုတွေကို နောက်ခံလူ ရာဖေးလ် ဗာရန်းကလည်း ထောက်ခံသွားခဲ့ပြီး၊ ရော်နယ်လ်ဒို မရှိခဲ့ရင် ယူနိုက်တက် အသင်းက ပိုကောင်းလာလိမ့်မယ် ဆိုတဲ့ သုံးသပ်မှုမျိုးကို အသင်းရဲ့ ဘယ်ကစားသမားကမှ အယုံအကြည် မရှိဘူးလို့ အခုလို ပြောသွားခဲ့ပါတယ်။




“ခရစ္စတီယာနိုက အခြား နောက်ခံလူတွေ အတွက် ပြိုင်ဘက်ကောင်း တယောက်ဖြစ်ပြီး၊ သူက ဘောလုံးလောကရဲ့ ဂန ္တဝင်တယောက် ဆိုရင်လည်း မမှားပါဘူး။ သူနဲ့ တွဲကစားရတာ အရမ်းကောင်းပါတယ်။ နောက်ပြီး သူက အသင်းကို အမြဲတမ်း ကူညီပေးနိုင်ခဲ့တာပါ။”“သူဟာ ကစားသမားကောင်း တယောက်ဖြစ်ပြီး ကျွန်တော်တို့ အားလုံးဟာ အသင်းမှာ အကောင်းဆုံး ကစားသမားတွေ ရှိနေတာကို မြင်ချင်ကြပါတယ်။ လာမယ့် ဘောလုံးရာသီမှာ တိုးတက်အောင် ကျွန်တော်တို့အားလုံး အတူတကွ ကြိုးစား လုပ်ဆောင်သွားမှာပါ။”

crd

Leave a Reply

Your email address will not be published.