မန်ယူအသင်းက ထွက်ချင်နေတဲ့ ရော်နယ်ဒိုကို အပြစ်မတင်သင့်ကြောင်းရှင်းပြလိုက်တဲ့ လီဗာပူးဂန္ဓ၀င်

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကျရှုံးမှုအတွက် ရော်နယ်လ်ဒို အပေါ် ဝေဖန် ပြစ်တင်နေတာတွေဟာ မဖြစ်သင့်ဖူးလို့ လီဗာပူးလ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ရော်ဘီဖောင်လာက ကစားသမားဘက်ကနေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။




ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ် အသင်းကနေ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးထဲကို ပြန်ရောက်လာခဲ့သူ ဖြစ်ပြီး၊ သူဟာ ပြိုင်ပွဲအရပ်ရပ်မှာ အသင်းအတွက် ၂၄ဂိုးသွင်းယူကာ တဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလားတွေ ရယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့အပြင်၊ ထိပ်ဆုံး လေးသင်းထဲမှာတောင် ရပ်တည်နိုင်ခြင်း မရှိခဲ့တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ယူရိုပါလိဂ် ပြိုင်ပွဲ ကစားရတော့မှာပါ။

ဒီလို အခြေအနေ တွေနဲ့အတူ အသင်းရဲ့ ရည်မှန်းချက် ကင်းမဲ့မှုတွေကြောင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ တာဝန်ရှိသူတွေထံ တရားဝင် တောင်းဆိုခဲ့ပြီး အခြား အသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာ တွေ့ရပါတယ်။ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းဟာ လက်ရှိ အသက်အရွယ်အထိ ဂိုးတွေ အဆက်မပြတ် သွင်းယူနေနိုင်တာ မှန်ပေမယ့်၊ သူ့ရဲ့ ကစားဟန်ဟာ အသင်းလိုက် ကစားပုံကို ထိခိုက်စေတယ်လို့ မကြာသေးမီ ဘောလုံးရာသီတွေမှာ ပရိတ်သတ်တွေက ဝေဖန်ခဲ့ကြပါတယ်။




ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ ပရိတ်သတ်တွေ ဝေဖန်နေသလို မဟုတ်ဘူးလို့ ဖောင်လာက ပြောလိုက်ပြီး၊ ရော်နယ်လ်ဒိုဟာ သူကစားနေကျ ပုံစံအတိုင်း ကစားခဲ့တာ ဖြစ်တယ်လို့ အခုလို ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။“ရော်နယ်လ်ဒိုက ပြိုင်ဘက်ကို ဖိအားပေး မကစားဘူး၊ ခံစစ်ကို ပြန်မဆင်းဘူး၊ သူ့ရဲ့ ကစားဟန်တွေက အသင်းလိုက် ကစားပုံကို အနှောင့်အယှက် ဖြစ်စေခဲ့တယ် ဆိုတဲ့ ဝေဖန်မှုတွေကို ကျွန်တော်တို့ ထပ်တလဲလဲ မြင်တွေ့နေရပါတယ်။”




“အဲလို ပြောနေကြတဲ့သူတွေ အားလုံးက ရော်နယ်လ်ဒိုကို ပြစ်တင် ဝေဖန်နေကြတာပါ။ ရော်နယ်လ်ဒိုဟာ ဖိအားပေး ကစားဟန်မျိုး၊ နောက်ခံလူတွေကို ဆင်းကူတဲ့ ပုံစံမျိုးနဲ့ ဘယ်တော့မှ ကစားမှာ မဟုတ်ပါဘူး။”“အဲလို ကစားဟန်တွေက သူ.ကစားနေကျ ပုံစံ မဟုတ်သလို၊ အသက် ၃၇နှစ်ဆိုတဲ့ အရွယ်မှာ ကစားပုံ ပြောင်းလဲဖို့ မဖြစ်နိုင်တာ အသေအချာပါပဲ။ ဒီတိုက်စစ်မှူးဟာ အရင်က သူလုပ်နေကျ ပုံစံအတိုင်း အသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့တာပါ။”




“ရော်နယ်လ်ဒိုရဲ့ ပတ်ဝန်းကျင်က လူတွေဟာ သူ့ကို နိမ့်ကျစေခဲ့တာ ဖြစ်ပြီး၊ သူ့အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားချင်တာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာခဲ့မယ် ဆိုရင်တောင် ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး။”“လူတွေဟာ တခါတလေ သူတို့ရဲ့ဘဝ အဆုံးသတ်ပိုင်းကို ပျော်ရွှင်မှုတွေနဲ့ ချိုမြိန်စွာ ဖြတ်သန်းချင်တဲ့ ဆန္ဒမျိုး ရှိတတ်ကြပါတယ်။ ရော်နယ်လ်ဒိုမှာလည်း အဲလို အတ္တမျိုး ရှိနေပြီး၊ ချန်ပီယံလိဂ် ပြိုင်ပွဲဆိုတာ သူနဲ့ ခွဲခြားလို့မရတာကြောင့် ဒီပြိုင်ပွဲမှာ ပါဝင် ကစားချင်တာကို အပြစ်ပြောလို့ မရဘူးလေ။”




ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိမှာ သူ့ရဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့်၊ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး၊ အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ် တွေမှာလည်း ပူးပေါင်းခဲ့ခြင်း မရှိပါဘူး။ဒီတိုက်စစ်မှူးဟာ ၂၀၀၃ခုနှစ်က စပို့တင်းလစ္စဘွန်း အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာပြီးချိန် ကတည်းက ဘလွန်းဒီအော် ၅ကြိမ်အထိ ရရှိခဲ့ပြီး၊ ဘောလုံးရာသီတိုင်းမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အထင်ကရ ကစားသမားတဦး ဖြစ်ခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.