ရာသီသစ်မှာ မန်စီးတီးနဲ့လီဗာပူးပြီးရင် မန်ယူကအကောင်းဆုံးအသင်းဖြစ်လိမ့်မယ်လို့ ပြောလိုက်တဲ့ ရွိုင်ကိန်း

စကိုင်းစပေါ့ရဲ့ ဘောလုံးသတင်း သုံးသပ်သူတွေအဖြစ် လုပ်ကိုင်လျက် ရှိနေကြတဲ့ ဂရေမီဆောင်းနက်နဲ့ ရွိုင်ကိန်းတို့ဟာ လာမယ့် (၂၀၂၂-၂၃) ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီဆုအတွက် ဘယ်အသင်းတွေက တိုက်ပွဲဝင်နေရမလဲဆိုတာကို ပြောကြားသွားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လီဗာပူးလ်ဟာ မန်စီးတီးနောက် တစ်မှတ်သာ ကွာဟလျက် ရှိနေတဲ့ အနေအထားကနေပြီးတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ လွဲချော်သွားခဲ့ရတာ ဖြစ်ပြီး၊ မန်စီးတီးက (၅)နှစ်အတွင်း (၄)ကြိမ်မြောက် ချန်ပီယံ ဖြစ်သွားခဲ့တာပါ။

လီဗာပူးလ် ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ဂရေမီဆောင်းနက်ကတော့ လာမယ့် ဘောလုံးရာသီသစ်မှာ လီဗာပူးလ်တို့ဟာ သူတို့ရဲ့ အကြိမ်(၂၀)မြောက် လိဂ်ဖလားကို ကိုင်မြောက်သွားနိုင်မယ်လို့ ခန့်မှန်း သွားခဲ့ပါတယ်။

ဒီအခြေအနေမှာ မန်ယူနိုက်တက် ဂန္ဓဝင်ကြီး ရွိုင်ကိန်းကတော့ မန်စီးတီးကပဲ ပရီးမီးယားလိဂ် ဖလားကို (၃)နှစ်ဆက်တိုက် ရရှိသွားမှာ ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် လီဗာပူးလ်တို့ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဘောလုံးရာသီတစ်ခု အတွင်း ဖလား(၄)လုံးရတဲ့ ပထမဆုံး အသင်းဖြစ်လာဖို့ နီးစပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ကိုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂရေမီဆောင်းနက်နဲ့ ရွိုင်ကိန်းတို့ကတော့ လာမယ့်ဘောလုံးရာသီသစ်မှာ ပရီးမီးယားလိဂ် သရဖူအတွက် ဘယ်အသင်းတွေက ယှဉ်ပြိုင်စိန်ခေါ်မှုတွေ ပြုလုပ်လာမလဲဆိုတဲ့ အပေါ်မှာ ခန့်မှန်းသုံးသပ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဆောင်းနက်က ” ချဲလ်ဆီးက ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ ပါလာမယ်လို့ ကျွန်တော် မထင်ဘူးဗျ၊ လီဗာပူးလ်နဲ့ မန်စီးတီးတို့က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး အသင်းတွေပါပဲ ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ရွိုင်ကိန်းကလည်း ” ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် ချဲလ်ဆီးရဲ့ အခြေအနေက နီးစပ်မှု ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး၊ သူတို့က ရာသီသစ်မှာ နည်းနည်းလေး ပိုကောင်းလာလိမ့်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်၊

သူတို့မှာ အရည်အသွေးတွေ ရှိပါတယ်၊ ဒါပေမဲ့ မန်စီးတီးနဲ့ လီဗာပူးလ်ကို ကျော်ပြီး ချန်ပီယံဆုအတွက် ချဲလ်ဆီးကို မြင်ယောင်ကြည့်လို့မရပါဘူး၊ မန်စီးတီးနဲ့ လီဗာပူးလ်ရဲ့နောက်မှာ ရှိနေမယ့် အသင်းက မန်ယူနိုက်တက်ဖြစ်ပါလိမ့်မယ်၊

နည်းပြကို ငွေကြေးအများကြီး သုံးစွဲဖို့ သံသယ မရှိ ခွင့်ပြုထားပါတယ်၊ အသင်းကနေပြီးတော့ အတွေ့အကြုံရှိတဲ့ ကစားသမား (၄)၊ (၅) ယောက်လောက် ထွက်ခွာ သွားကြပါတယ်၊ ဒါက ကောင်းတဲ့ အရာလို့ ကျွန်တော် ထင်ပါတယ်၊

ဒါပေမဲ့ မန်ယူနိုက်တက်အနေနဲ့ လီဗာပူးနဲ့ မန်စီးတီးကို ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နိုင်ဦးမယ်လို့ ကျွန်တော် မမြင်ပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂရေမီဆောင်းနက်ကတော့ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို မန်စီးတီးကို ကျော်လွန်ပြီး လီဗာပူးလ်က ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပေမဲ့ ရွိုင်ကိန်းကတော့ မန်စီးတီးကသာ (၃)ကြိမ်ဆက် ရရှိသွားလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

(၂၀၂၂-၂၃) ဘောလုံးရာသီဟာ သြဂုတ်လထဲမှာ ပြန်လည် စတင်တော့မှာ ဖြစ်ပြီးတော့ အာဆင်နယ်၊ စပါးတို့ရဲ့ တိုးတက်လာတဲ့ အခြေအနေတွေ၊ မန်ယူနိုက်တက်ရဲ့ နည်းပြ အပြောင်းအလဲတွေကြောင့် ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ် ရှိနေပါတယ်။Crd

Leave a Reply

Your email address will not be published.