ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲမှာ ​မဖြစ်မနေပြောရမယ့် တိုးတက်လာတဲ့ အချက်များနဲ့ လှောင်ခံရတဲ့ကစားသမား

အဲရစ်တန်ဟတ် လက်အောက်က မန်ချက်စတာ ယူနိုက်တက် ရဲ့ ရာသီကြို ခြေစမ်းပွဲ ရလဒ်တွေ ကတော့ တကယ်ကို ကောင်းမွန်လို့ နေပါတယ် ။ မနှစ်တုန်းက နှစ်ကျော့ပေါင်း ၉ ဂိုးထိ ပေးပြီး အရှက်တကွဲ အရေးနိမ့် ခဲ့ရတဲ့ မဟာပြိုင်ဘက် လီဗာပူး ကို ဘန်ကောက်မှာ ၄ ဂိုးပြတ် အနိုင် ကစားခဲ့သလို သြစတြေးလျ မြေပေါ်က ခြေစမ်းပွဲ ၂ ပွဲစလုံး ကိုလည်း အနိုင်ရခဲ့ ပါတယ် ။




ဒါတွေက ခြေစမ်းပွဲတွေသာ ဖြစ်တယ် ဆိုပေမယ့် မနှစ်က တနှစ်လုံး စိတ်ပျက်စရာ ကစားပုံတွေ ၊ စိတ်ပျက်စရာ ရလဒ်တွေနဲ့ မွမ်းကြပ်စွာ ဖြတ်သန်း ခဲ့ရတဲ့ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ တခဏတာ ပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေ ဖြစ်ခဲ့ရတာ အသေအချာပါပဲ ။ဒီညနေ မှာလည်း မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ သြစတြေးလျမြေပေါ်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၃-၁ ရလဒ်နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။တန်ဟတ် ဟာ ပွဲအစကို တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထုတ်ခဲ့ပြီး မိနစ် ၆၀ ခန့်မှ လူငယ်တွေကို လူစားလဲ ထည့်ခဲ့တာပဲ ဖြစ်ပါတယ် ။အခုပွဲမှာ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စားစရာ အချက်တွေကတော့ –




၁။ ပြန်နိုးထလာတဲ့ မာစီရယ် ခရစ္စတီယာနို ရိုနယ်ဒို အသင်းက ထွက်ခွာ နိုင်တဲ့ အလားအလာ ဟာ အန်တိုနီ မာစီရယ် ရဲ့ ပွဲကစားခွင့်ကို ပိုမို တိုးပွား လာစေနိုင်ပါတယ် ။ ဒီအချက်ကပဲ ပြင်သစ်သားကို ပုံစံကောင်းတွေ ပြန်လည် ရရှိ စေခဲ့တာလား ဆိုတာတော့ မပြောတတ်ပါဘူး ။မနှစ်က ဆီဗီးလား ကို အငှားထွက် ကစားပြီး ပုံစံကောင်း မရခဲ့တဲ့ မာစီရယ် ၊ အကောင်းဆုံး ပုံစံတွေ ပျောက်ဆုံး နေခဲ့တာ နှစ်အနည်းငယ် ရှိပြီ ဖြစ်တဲ့ မာစီရယ် ဟာ အခု နွေရာသီ ခြေစမ်းပွဲ ကာလမှာတော့ ယူနိုက်တက် အတွက် ပွဲတိုင်း ပုံစံကောင်း ပြနေပါတယ် ။လီဗာပူး ၊ မဲလ်ဘုန်း တို့နဲ့ ပွဲတွေမှာ ဂိုးတွေ သွင်းနိုင်ခဲ့တဲ့ မာစီရယ် ဟာ ဒီကနေ့ ပွဲမှာလည်း အဖွင့်ဂိုး ကို ၁၇ မိနစ် မှာ လှလှ ပပ အဆုံးသတ်ပြီး ရယူပေးခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ် နိုင်ခဲ့ပါတယ် ။ဘောလုံး ရာသီပြန်စတဲ့ အထိ ဒီပုံစံကောင်းတွေကို မာစီရယ် ထိန်းထားနိုင်မလား ဆိုတာကတော့ စောင့်ကြည့် ရဦးမှာပါ ။




၂ ။ အလှောင်ခံရပြီး အနာဂါတ် မရေရာတဲ့ မက်ဂွဲယားပြီးခဲ့တဲ့ ဘောလုံးရာသီဟာ ဟယ်ရီ မက်ဂွဲယား အတွက် တကယ်ကို စိတ်ပျက်စရာ ကောင်းတဲ့ ရာသီ ဖြစ်ခဲ့ ပါတယ် ။တပွဲပြီး တပွဲ ၊ မှားပြီးရင်းမှားနေတဲ့ အင်္ဂလန် ခံစစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဆိုတဲ့ ရာထူးနဲ့ မထိုက်တန်ဘူးဆိုတဲ့ သုံးသပ် ဝေဖန်မှုတွေကိုပါ ရင်ဆိုင် ခဲ့ရပါတယ် ။ရာသီကြို ခြေစမ်းပွဲမှာလည်း မဲလ်ဘုန်း နဲ့ ပွဲမှာ မက်ဂွဲယား + လင်ဒီလော့ဖ် အတွဲ ရဲ့ အားနည်းချက် ကနေ ပြိုင်ဘက် အသင်း ဂိုးရသွားမှု အပေါ် ပရိသတ်တွေ မကျေနပ် ခဲ့ကြပါဘူး ။အခုပွဲမှာတော့ သြစတြေးလျရောက် ယူနိုက်တက် ပရိသတ်တွေ ဟာ သူတို့ရဲ့ အမြင်မကြည်မှုတွေကို ထုတ်ဖော် ပြသလာခဲ့ ပါတော့တယ် ။မက်ဂွဲယား ဘောလုံးထိလိုက်တိုင်း လှောင်ပြောင်တဲ့ အသံတွေဟာ မဲလ်ဘုန်း ခရစ်ကတ် အားကစားကွင်း အပြည့် ဖြစ်ခဲ့ရပါတယ် ။အင်္ဂလန် က အစီစဉ် တင်ဆက်သူတွေ ၊ ပွဲသုံးသပ်သူတွေကို အံ့အားသင့်စေခဲ့တဲ့ ဒီလှောင်ပြောင်မှုတွေရဲ့ နောက်မှာ မက်ဂွဲယား ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး တွေးတောစရာတွေ ဖြစ်လာခဲ့ပါတယ် ။အဲရစ် တန်ဟတ် ယုံကြည် အားကိုးရတဲ့ လီဆန်ဒရို မာတီနက် ဟာ မကြာခင်မှာ ယူနိုက်တက် ကို ရောက်ရှိ လာတော့မှာပါ ။ သူက မက်ဂွဲယား ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်အောင် ထောက်ပံ့ ကူညီပေးမယ့်သူလား ၊ မက်ဂွဲယား ကို နေရာပျောက်အောင် လုပ်မယ့်သူလား ဆိုတာတော့ အဲရစ် တန်ဟတ် အပေါ်မှာပဲ မူတည်နေမှာပါ ။




၃ ။ တိုးတက်လာတဲ့ ကစားပုံအဲရစ်တန်ဟတ် ပုံဖော် နေတဲ့ ယူနိုက်တက် ရဲ့ ကစားပုံသစ် ဟာ ခြေစမ်းပွဲ တပွဲပြီး တပွဲ ပိုမို ရုပ်လုံး ပေါ်လာခဲ့ ပါတယ် ။ဒီကနေ့မှာ ဆိုရင်လည်း ယူနိုက်တက် ဟာ ဘောလုံးကို ခြေထဲမှာ အကြာကြီး ကိုင်မထားဘဲ အပေးအယူ မြန်မြန် ပြုလုပ် ခဲ့တာကို မြင်တွေ့ခဲ့ရ ပါတယ် ။ အထူးသဖြင့် ဘောလုံး ပြိုင်ဘက်ခြေထဲမှာ ရှိနေတဲ့ အချိန်တွေမှာ ယူနိုက်တက် ကစားသမားတွေ ရဲ့ ဝိုင်းဖွဲ့ ချဉ်းကပ် လုယူမှု ပုံစံတွေဟာ ရန်းနစ် လက်ထက် တုန်းကထက် ပိုမို ပုံစံ ကျလာခဲ့တာကို တွေ့ခဲ့ရပါတယ် ။Full back တွေရဲ့ တိုက်စစ်လိုက်ပါမှု ပိုအားကောင်း လာပြီး ကွင်းလယ်က အဖျက်စွမ်းရည် ကလည်း တိုးတက်မှု ရှိလာခဲ့ ပါတယ် ။အသင်းကြီး တသင်းရဲ့ ပုံစံမျိုး ပြန်ရောက်နေပြီလို့ ပြောဖို့ စောသေးပေမယ့် တန်ဟတ် ရဲ့ ရာသီကြို ခရီးစဉ် က ကစားပုံကိုတော့ ပရိသတ်တွေ သဘောကျ နှစ်ခြိုက်မိမှာ အမှန်ပါပဲ ။




၄ ။ ယူနိုက်တက် လွတ်သွားတဲ့ ကြယ်လေး တပွင့်ဒါဘီ ကောင်တီ ကနေ အီဘိုင်ယိုဝီ ထွက်ခွာဖို့ လုပ်ခဲ့တုန်းက မန်ချက်စတာ ယူနိုက်တက် ဟာလည်း စိတ်ဝင်စားတဲ့ အသင်းတသင်း အဖြစ် ရှိခဲ့ပါတယ် ။ ဒါပေမယ့် အခြားသော ဦးစားပေး ပစ်မှတ်တွေကို အာရုံစိုက် နေတာကြောင့် လူငယ်လေး ကို ယူနိုက်တက် တို့ အားမစိုက်နိုင်ခဲ့ ပါဘူး ။ဒီကနေ့မှာတော့ အီဘိုင်ယိုဝီ ဟာ ပဲလေ့စ် ဘက်မှာ ပါဝင်လာခဲ့ပြီး ပထမပိုင်းမှာ ယူနိုက်တက် ခံစစ်ကို အလုပ်ပေး သွားခဲ့ ပါတယ် ။

ယူနိုက်ကတ် လူသစ် မာလာစီယာ ၊ ကွင်းလယ် ခံစစ်သမား ဖရက်ဒ် တို့ဟာ အီဘိုင်ယိုဝီ ရဲ့ ခြိမ်းခြောက်မှု ကို ပထမပိုင်းမှာ ကောင်းကောင်း မြည်းစမ်းခွင့် ရခဲ့ပြီး ဒါးဗစ် ဒဟဲယား ကိုလည်း ကန်ချက် တခုနဲ့ စမ်းသပ်နိုင်ခဲ့ ပါတယ် ။လာမယ့် ပရီးမီးယားလိဂ်မှာ အီဘိုင်ယိုဝီ တယောက် ဘယ်လောက်ထိ တောက်ပ နိုင်မလဲ ၊ သူ့ရဲ့ ဈေးကွက် တန်ဖိုး ကရော ဘယ်လောက်ထိ တက်လာမလဲ ဆိုတာ စောင့်ကြည့်ဖို့ ထိုက်တန်နေမှာပါ . . . . . ။

crd

Leave a Reply

Your email address will not be published.